
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တာပါယ်အုပ်စု၊ သဲတောကန်ကျေးရွာမှာ နေထိုင်တဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးအောင်ကျော်ဦးဟာ ဇွန် ၂၃ ရက် မနက် ၈ နာရီလောက်က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။
ဇွန် ၂၂ ရက် မနက်ပိုင်းက နေအိမ်ကနေ ဆုံကုန်းကျေးရွာကို ဆိုင်ကယ်နဲ့ ထွက်ခွာသွားတာ ဖြစ်ပြီး မိုးချုပ်တဲ့အထိ ပြန်မလာတဲ့အတွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လိုက်လံရှာဖွေခဲ့ရာ သဲတောကန်ကျေးရွာအထွက်မှာ ဝဲဘက်ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ တချက်၊ ယာဘက်ဦးခေါင်း ပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ပြောပါတယ်။
သေဆုံးသူ ဦးအောင်ကျော်ဦးဟာ ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ပြီး စစ်ကောင်စီရဲ့ အဓိကထောက်တိုင် တဦးဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ပစ်ခတ်သတ်ဖြတ်တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ လတ်တလော မသိရှိရသေးသလို သေဆုံးသူရဲ့ ရုပ်အလောင်းကို နွားထိုးကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်တွေက သဲတောကန်ကျေးရွာကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က နွားထိုးကြီး-မလှိုင် ကားလမ်းပေါ်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။










