DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေ အရောင်းအဝယ်အားလုံး ဗဟိုဘဏ်သို့ တင်ပြရန် ညွှန်ကြား
DVB
·
June 23, 2023
နိုင်ငံခြားငွေ အရောင်းအဝယ်အားလုံး ဗဟိုဘဏ်သို့ တင်ပြရန် ညွှန်ကြား
Donate to DVB

AD လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှာ ဘဏ်နဲ့ Customer အကြား၊ Customer အချင်းချင်းအကြား စတဲ့ နိုင်ငံခြားငွေ အရောင်းအဝယ် အားလုံးအတွက် ဗဟိုဘဏ်ကို အွန်လိုင်းနဲ့ တင်ပြပြီးမှ ရောင်းဝယ်ရမယ်လို့ နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ် ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင် (AD) ရ ဘဏ်တွေကို ဗဟိုဘဏ်က ညွှန်ကြားလိုက်ပါတယ်။

ဒါ့အပြင် အရောင်းအဝယ်တွေကို ဗဟိုဘဏ်က ကြီးမှူးဆောင်ရွက်မယ့် Online Trading အစီအစဉ်နဲ့သာ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဘဏ်တွေအနေနဲ့ နေ့စဉ် မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲအတွင်း ဘဏ်နဲ့ Customer တွေအကြား ရောင်းဝယ်ဖို့ စီစဉ်ထားတဲ့ Dealing တွေ၊ ရောင်းချချင်တဲ့ ကုမ္ပဏီတွေနဲ့ ဝယ်ယူချင်တဲ့ ကုမ္ပဏီတွေ စာရင်းကို ဗဟိုဘဏ်ကို အွန်လိုင်းက ပေးပို့ရမှာဖြစ်ပြီး စာရင်းပေးပို့ရာမှာလည်း Trade နဲ့ Non-Trade ၂ မျိုးလုံးအတွက် ရောင်းဝယ်လိုတဲ့ စာရင်းတွေကို ပေးပို့ရမယ်လို့ ဗဟိုဘဏ်က အကြောင်းကြားထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေရောင်းချချင်တဲ့ ကုမ္ပဏီတွေနဲ့ စပ်လျဉ်းပြီးလည်း ကုမ္ပဏီအမည်၊ လုပ်ငန်းအမျိုးအစား၊ ရောင်းလိုတဲ့ပမာဏ၊ ငွေကြေးအမျိုးအစား၊ Offer Rate၊ ငွေဝင်ရောက်ထားတဲ့နေ့၊ နောက်ဆုံးအသုံးပြုနိုင်တဲ့နေ့၊ ဝင်ငွေရလမ်း (Export Proceeds Exempted Company၊ CMPi Salary) စတဲ့ အချက်တွေကို ပေးပို့ရမှာဖြစ်ပြီး အဲဒီအချက်တွေ မှန်ကန်ကြောင်းလည်း ဘဏ်က တာဝန်ယူစိစစ်ထားရမယ်လို့ ဆိုပါတယ်။

ဘဏ်ကနေ နိုင်ငံခြားငွေဝယ်ယူလိုတဲ့ ကုမ္ပဏီတွေနဲ့ စပ်လျဉ်းပြီးလည်း ကုမ္ပဏီအမည်၊ လုပ်ငန်းအမျိုးအစား၊ ဝယ်ယူလိုတဲ့ပမာဏ၊ ငွေကြေးအမျိုးအစား၊ ဝယ်ယူလိုတဲ့ အကြောင်းအရင်း၊ ကုန်သွယ်ရေးအတွက် ဝယ်ယူလိုခြင်း ဖြစ်ပါကလည်း မည်သည့်ကုန်စည် တင်သွင်းရန် ဖြစ်ကြောင်း စတဲ့အချက်အလက်တွေကို ပေးပို့ရမယ်လို့ ဗဟိုဘဏ်က အကြောင်းကြားထားပါတယ်။

သွင်းကုန်လိုင်စင် သို့မဟုတ် ID၊ Non-Trade အတွက် ဝယ်ယူလိုခြင်းဖြစ်ပါကလည်း မည်သည့်ကိစ္စအတွက် ဝယ်ယူမှာဖြစ်ကြောင်း၊ Bid Rate၊ Settlement Date စတဲ့ အချက်အလက်တွေကို ပေးပို့ရမယ်လို့လည်း ဗဟိုဘဏ်က ဆိုထားပါတယ်။ အဲဒီအချက်အလက်တွေ မှန်ကန်ကြောင်းကိုလည်း ဘဏ်တွေက တာဝန်ယူ စိစစ်ထားရမယ် လို့လည်း ဗဟိုဘဏ်က ညွှန်ကြားထားတာပါ။

ဗဟိုဘဏ်အနေနဲ့ကတော့ ဘဏ်တွေက ပေးပို့တင်ပြထားတဲ့ နိုင်ငံခြားငွေ ရောင်းချလိုသူနဲ့ ဝယ်ယူလိုသူ စာရင်းတွေ၊ ဘဏ်နဲ့ Customer တွေအကြား ဆောင်ရွက်မယ့် အရောင်းအဝယ် စာရင်းတွေကို စိစစ်ပြီး အရောင်းအဝယ်ပြုရမယ့် ကုမ္ပဏီတွေ၊ ငွေပမာဏနဲ့ ငွေလဲလှယ်နှုန်း အစရှိတာတွေကို ဘဏ်တွေနဲ့ ညှိနှိုင်းပြီး ဆုံးဖြတ်ပေးသွားမယ်လို့ ညွှန်ကြားချက်အရ သိရပါတယ်။

ဗဟိုဘဏ် ဆုံးဖြတ်ပေးထားတဲ့ အရောင်းအဝယ်ဆောင်ရွက်ရမယ့် စာရင်းတွေကို နေ့လယ် ၁ နာရီ နောက်ဆုံးထားပြီး ဘဏ်တွေကို ဗဟိုဘဏ်က အကြောင်းပြန်ကြားသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း လိုအပ်ပါက အရေးကြီးကုန်စည်တွေအတွက် SWAP Finating ပေးတာ၊ နိုင်ငံခြားငွေရောင်းချတာ ဝယ်ယူတာ စတာတွေကို ဝင်ရောက်ဆောင်ရွက်သွားမယ်လို့လည်း ဘဏ်တွေကို အကြောင်းကြားထားပါတယ်။

လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်အတွင်းမှာတော့ အမေရိကန်နိုင်ငံက စစ်ကောင်စီ လက်အောက်ခံ ဘဏ်နှစ်ခုကို စီးပွားရေးပိတ်ဆို့လိုက်တဲ့ ဂယက်ကြောင့် အမေရိကန်ဒေါ်လာစျေး မြန်မာငွေ ကျပ် ၃,၀၀၀ ကျော်အထိ မြင့်တက်သွားပြီး တရားဝင် ငွေလဲစင်တာတချို့မှာလည်း အရောင်းအဝယ် ရပ်နားထားကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013