
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအနီး ပန်ဇင်းချောင်းအတွင်းမှာ ဇွန် ၂၂ ရက် မနက် ၆ နာရီခွဲလောက်က တဖက်နိုင်ငံကို တရားမဝင်သွားရောက်ရောင်းချမယ့ နွားကောင်ရေ ၅၀ တင်ဆောင်လာတဲ့ မှောင်ခိုစက်လှေ ၁ စီးနဲ့ လူ ၅ ဦးအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘူးသီးတောင်မြို့ နယ်ခြားစောင့်တာဝနိရှိသူတွေဆီက သိရပါတယ်။
"ဒီတခါနဲ့ဆို ဖမ်းမိတာ ၂ ကြိမ်ရှိပြီဗျ။ ပထမအကြိမ်က တန်ဖိုးသိန်း ၂၃၀၀ ကျပ်လောက်တန်ဖိုးရှိတဲ့ တရားမဝင်နွား ၁၇၉ ကောင် နဲ့ တရားခံမောင်တော်ဘုတ်သမား ၁၆ ဦး ဖမ်းမိခဲ့တာရှိတယ်။ ဇွန်လ ၂၂ ရက်မနက်မှာလည်း နွားအကောင် ၅၀ နဲ့ တရားခံ မော်တော်ဘုတ်သမားသမား ၅ ဦးကို ဖမ်းမိခဲ့တယ်” လို့ နယ်ခြားစောင့်တာဝန်ရှိတဦးက ပြောပါတယ်။
အဆိုပါ နွားမှောင်ခိုစက်လှေပေါ်မှာ နွားအကောင်ရေ ၅၀ နဲ့အတူ ကျောက်ဖြူမြို့နယ်၊ လမာချောင်းရွာနေ ဦးမောင်လှမြင့်၊ မောင်မျိုးဆန်း၊ မောင်စန်းလင်း၊ မောင်လင်းဇော်ထွေးနဲ့ တောင်ကုတ်မြို့နယ်၊ ဒလက်ပရွာနေ ဦးဝင်းမောင်တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
"မြန်မာဘက်က နွားတွေ ဘင်္ဂလားဘက်ကို နည်းမျိုးစုံနဲ့ သွားနေကြတာဗျ။ နယ်ခြားစောင့်တွေကလည်း သူတို့နဲ့အဆင်ပြေရင် လွှတ်ပေးတယ်။ အပေးမယူမမျှရင် အခုလို ဖမ်းဆီးမူတွေလုပ်နေကြတာပါ" လို့ ဘူးသီးတောင် မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကလည်း ကျပ်သိန်းပေါင်း ၂၃၀၀ ကျော်တန်ဖိုးရှိ တရားမဝင်နွား ၁၇၉ ကောင်တင်ဆောင်လာတဲ့ မောင်တော်ဘုတ် ၃ စီးနဲ့အတူ လူ ၁၆ ဦးအား ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအနီး ပန်ဇင်းချောင်းအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းမိသူတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
၂ဝ၂၂ မတ် ၁၈ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သွားရောင်းမယ့် နွား ၅၈ ကောင်ပါ နွားမှောင်ခိုစက်လှေတစီးအား မာန်အောင်မြို့နယ်မှာ ဖမ်းမိခဲ့သလို ဇွန် ၄ ရက်ကလည်း တောင်ကုတ်မြို့နယ်မှာ တရားမဝင် နွား ၁၃ ကောင်သယ်ဆောင်သူ ၄ ဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။










