DVB Logo
Home
မြန်မာသတင်း
ပန်းရောင်ကတ်လုပ်ရန် ထိုင်းအစိုးရ မကြေညာသေးသော်လည်း ပွဲစားများ ငွေကြိုတောင်းခံနေ
DVB
·
June 22, 2023
ပန်းရောင်ကတ်လုပ်ရန် ထိုင်းအစိုးရ မကြေညာသေးသော်လည်း ပွဲစားများ ငွေကြိုတောင်းခံနေ
Donate to DVB

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ လုပ်သားတွေအတွက် ထိုင်းအစိုးရက ပန်းရောင်ကတ် (အလုပ်လုပ်ခွင့်လက်မှတ်) အသစ် ပြုလုပ်ဖို့ ဒီနှစ်မှာ တရားဝင်ညွှန်ကြားချက် ထွက်မလာသေးပေမဲ့ ထိုင်းအခြေစိုက် ပွဲစားတချို့က နာမည်စာရင်းသွင်းဖို့ ကြိုတင်ငွေ တောင်းခံနေပါတယ်။

ထိုင်းအစိုးရဘက်က ပန်းရောင်ကတ် အသစ်ရိုက်မယ့်အကြောင်း တရားဝင် မထုတ်ပြန်သေးပေမဲ့ လက်ရှိအချိန်မှာတော့ ၂၀၂၃ မေလ ၁၅ ရက်မှာ ပန်းရောင်ကတ် သက်တမ်းကုန်သူတွေနဲ့ MoU ၄ နှစ်ပြည့် လုပ်သားတွေအတွက်သာ ဇူလိုင် ၃၁ ရက်အထိ သက်တမ်းတိုးကိစ္စတွေ လုပ်ဆောင်ခွင့် ပေးထားတာပါ။

ထိုင်းအစိုးရ တရားဝင် မထုတ်ပြန်သရွေ့ ပွဲစားတွေ ငွေကြိုတောင်းတာ မပေးကြဖို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က သတိပေး ပြောဆိုပါတယ်။

JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းအစိုးရကတော့ ဘာမှ ကြေညာချက် တရားဝင်ထုတ်ပြန်တာ မရှိသေးဘူး။ သို့သော် ပွဲစားတွေကတော့ လူစာရင်းပေးလို့ရပြီဆိုပြီး ငွေကြိုကောက်ခံတာတွေ ရှိတယ်။ ငွေကြိုကောက်တဲ့ ပွဲစားကတော့ မဲဆောက်မှာလည်းရှိတယ်၊ တခြားမှာလည်း ရှိတယ်။ ငွေကြိုမကောက်ဘဲ စာရင်းပဲ အရင်ပေးထားပါလို့ နာမည်ကို ဆက်ထိန်းသိမ်းတဲ့ ပွဲစားလည်း ရှိတယ်။ ဒါပေမဲ့ ထိုင်းအစိုးရကတော့ ဘာမှ တရားဝင်ထုတ်ပြန်ခြင်း မရှိပါဘူး။ အထောက်အထားမရှိတဲ့ အလုပ်သမားတွေ သတိထားရမှာက ငွေကြိုကောက်တာက ဘယ်သူ့ ဘယ်သူမှ စိတ်မချရဘူး။ စာရင်းတင်ထားရင်တော့ ဝင်သွားနိုင်တဲ့ အလားအလာလေး ရှိတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ပန်းရောင်ကတ်တွေကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက ထုတ်ပေးခဲ့ပြီး ဒီနှစ်မှာတော့ ထိုင်းရွေးကောက်ပွဲနဲ့ အစိုးရသစ် အပြောင်းအလဲကြောင့် အထောက်အထားသစ် ရိုက်ပေးမယ့်ကိစ္စကို နောက်အစိုးရသစ် တက်လာမှသာ လုပ်ပေးနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်း ပြောပါတယ်။

ပုံမှန်အားဖြင့် ပန်းရောင်ကတ် ပြုလုပ်ခဟာ တနှစ်နဲ့ တနှစ် လုပ်ဆောင်ရတဲ့ ပုံစံ၊ ပေးချေရတဲ့ ကုန်ကျငွေ မတူညီဘဲ ထိုင်းအစိုးရ တရားဝင်ကောက်ခံတဲ့ငွေနဲ့ ပွဲစားတွေကို ပေးဆောင်ရတဲ့ ငွေကလည်း အဆမတန် ကွာခြားနေပါတယ်။

ထိုင်းနိုင်ငံမှာ ပွဲစားတွေ ကြိုတင်ငွေယူ လိမ်လည်တဲ့ ဖြစ်စဉ်တွေဟာ အဆိုးဝါးဆုံး အခြေအနေမှာရှိပြီး အလုပ်သမားတွေအနေနဲ့ တိကျသေချာတဲ့ သတင်းအချက်အလက်တွေ ကိုသာ စိတ်ရှည်ရှည် စောင့်ဆိုင်းကြဖို့ အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

LRF အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း တာဝန်ရှိသူ ဦးအောင်ကျော်က “ဒါကတော့ လိမ်လည်လှည့်ဖျား ကောက်ကျစ်တဲ့သူတွေက အဓမ္မနည်းနဲ့ ငွေရဖို့ ကြံနေကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒါကို ကျနော်တို့ဘက်က စောင့်စားနိုင်ဖို့က ဒီသတင်းက မှန်ကန်ဖို့ရှိမရှိ၊ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်တာ ရှိမရှိ၊ နိုင်ငံတော် ထိုင်းအစိုးရက ကြေညာချက် တစုံတရာ ထွက်လာတိုင်း တိကျမှန်ကန်တဲ့ သတင်းကို အလုပ်သမားအဖွဲ့တွေက ဘာသာပြန်ပေးတာရှိတယ်။ အဲဒီ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရှာဖွေဖတ်ရှုပြီး အလိမ်မခံရအောင် သတိနဲ့ စောင့်ဆိုင်းနေသင့်တယ်။ အားလုံးလည်း ပြည်တွင်းပြည်ပ မီဒီယာတွေ သိတဲ့အတိုင်း၊ ထိုင်းရွေးကောက်ပွဲက မေ ၁၄ မှာ ပြီးသွားတာ။ လက်ရှိမှာလည်း အာဏာအလွှဲအပြောင်းကိစ္စတွေ ရှိနေတော့ အစိုးရသစ်လက်ထက်ရောက်မှသာ လုပ်ချင်လည်း လုပ်ပေးနိုင်ပါတယ်။ ဒါကလည်း သူ့နိုင်ငံလိုအပ်ချက်အရ ဥပဒေကြမ်း ထွက်ပေါ်လာပြီး အဲ့ကျမှသာ ဖြစ်ပေါ်လာနိုင်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ပန်းရောင်ကတ်ပြုလုပ်ခ တယောက်ကို ဘတ် ၁၀၀ နဲ့ အလုပ်လုပ်ကိုင်ခွင့် စာအုပ် ဘတ် ၉၀၀ သာ ထိုင်းအစိုးရဆီ ပေးချေရတယ်လို့ တရားဝင် ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာတော့ ထိုင်းဘတ် ၈,၅၀၀ ကနေ ၁ သောင်းခွဲလောက်အထိ ပွဲစားတွေကို ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပန်းရောင်ကတ်ဟာ တနှစ်ကို သက်တမ်း ၂ ကြိမ် တိုးခွင့်ရှိပြီး ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ကိုင်သူ အလုပ်သမားအရေအတွက် ၇ သိန်းနီးပါး ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013