
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ၁၂၀ မမနဲ့ ပစ်ခတ်မှုကြောင့် စံသာရွာက ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဇွန် ၂၁ ရက် ညပိုင်းက စစ်ကောင်စီတပ်သားတွေက ကလေးမြို့တွင်း စစ်ဌာနချုပ်တွေကနေ ကလေးနယ်တောင်ပိုင်းကို လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ စံသာကျေးရွာက နေအိမ်ပေါ် ကျရောက်ခဲ့တာလို့ ဆိုပါတယ်။
စံသာရွာ ဒေသခံတဦးက “ည ၉ နာရီခွဲလောက်က လက်နက်ကြီးကျတာ။ ၅ နှစ်အရွယ် ကလေးကတော့ လက်နက်ကြီးမှန်ပြီး ဦးခေါင်းပွင့် ဆုံးသွားတာ။ မိခင်ဖြစ်သူကတော့ ခြေထောက်တဖက် ဖြတ်လိုက်ရတယ်။ ၇ နှစ်အရွယ် ကလေးကတော့ ဦးခေါင်းဒဏ်ရာ ပြင်းထန်တယ်။ ၁၂ နှစ်အရွယ် ကလေးကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျန်ရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာရတဲ့ မိသားစုဝင်တွေကို ကလေးဒေသ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးအဖွဲ့က ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
လတ်တလောမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်သားတွေက ကလေးနယ် တောင်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး စစ်ကောင်စီအနေနဲ့ ကျေးရွာတွေကို ဘာကြောင့် အခုလိုပစ်ခတ်တယ်ဆိုတာ မသိရှိကြရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလအတွင်း ကလေးနယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဇွန် ၉ ရက်က ရေလဲဦးရွာက အသက် ၅၀ အရွယ် ဒေါ်မီလှ၊ ဇွန် ၁၆ ရက်က သာစည်ရွာက ကလေးငယ်တဦး၊ ဇွန် ၁၈ ရက်က ထိုမာရွာက ဒေသခံအမျိုးသားတဦး၊ ဇွန် ၂၀ ရက်က အသက် ၂၀ ကျော်အရွယ် သာစည်ရွာက အမျိုးသားတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။










