
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ ဇွန် ၂၀ ရက် ညနေ ၆ နာရီဝန်းကျင်က အစည်းဝေးလုပ်နေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်း ၄ စီးနဲ့ ဗုံး ၂ ကြိမ်ချ တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) က သိရပါတယ်။
ငွေတွင်းကျေးရွာက စစ်ကောင်စီတပ်တွေကို ပထမအကြိမ် ဒရုန်း ၄ စီးနဲ့ ဗုံးသီး ၈ လုံးချ တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ် ဗုံးသီး ၆ လုံး၊ စုစုပေါင်း ဗုံးသီး ၁၄ လုံးနဲ့ ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဒု တပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။
အရာတော်ဘက်က ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကြောင်းက ငွေတွင်းရွာကို ဝင်ပြီး ခဏနားတာကြောင့် စစ်သားအင်အား စုစုပေါင်း ၁၀၀ လောက်ရှိနေပြီး အဲဒီရွာက ပျူတွေနဲ့ စစ်သားတွေ အစည်းအဝေးထိုင်မယ်လို့ သတင်းရထားခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ ၂၅ ယောက်လောက် သတ်မှတ်ထားတဲ့ စခန်းနေရာမှာ အစည်းအဝေးထိုင်ကြတယ်၊ အစည်းအဝေးထိုင်နေတဲ့ တဲပေါ်ကို ချတယ်။ တဲရှေ့ ချတယ်။ ကင်းသမားနှစ်ယောက် သေတယ်။ အဆောက်အဦက သွပ်တွေပါ ပေါက်ပြီး လန်သွားတာ။ အဲဒီတဲထဲက ၁၅ ယောက်လောက် သေသွားတာကို မြင်ရတယ်” လို့ ဆရာလေးက ပြောပါတယ်။
အရာတော်မြို့နယ်ထဲက တခြားဘယ်ရွာတွေကို မီးရှို့ ဖျက်ဆီးရမယ်ဆိုတာနဲ့ ထိန်းရခက်တဲ့ ရွာတွေအကြောင်းကို စစ်သားတွေက အစည်းအဝေးထိုင်ခဲ့တာလို့ သိရပါတယ်။
စစ်သားတွေ အစည်းအဝေးလုပ်နေချိန် အလစ်အငိုက်ပစ်ခဲ့တာကြောင့် စစ်သားတွေ ကတုတ်ကျင်း၊ ဘန်ကာတွေထဲ ပြေးဝင်နေချိန်မှာ နောက်တကြိမ် ဗုံးကြဲခဲ့တာကြောင့် စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ပြီး အရာတော်ဆေးရုံမှာ ဆေးကုနေရတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့က ဦးဆောင်ပြီး ကျောက်ဆည်ခရိုင် တပ်ရင်း ၁၊ (နဂါးနီတပ်ရင်း)၊ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့တပ်ရင်း)၊ ဆားတောင်မိုးကြိုး local pdf၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ MRTF Drone Force ၊ NRDF ၊ အောင်သပြေညီနောင်(မြင်းမူမဟာမိတိတပ်ဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။










