DVB Logo
Home
မြန်မာသတင်း
ဖားကန့်လမ်းတွင် စစ်တပ်က အစစ်အဆေးတင်းကျပ် 
DVB
·
June 22, 2023
ဖားကန့်လမ်းတွင် စစ်တပ်က အစစ်အဆေးတင်းကျပ် 
Donate to DVB

မိုးရာသီဝင်ရောက်လာပြီး ပျက်စီးစပြုလာတဲ့ လမ်းတွေမှာ ခရီးသည်တင်ယာဥ်ငယ်တွေကို အစစ်အဆေး တင်းကျပ်တဲ့အပြင် အချိန်မရွေး နေရာမရွေး လမ်းပိတ်ချလိုက်တဲ့ အနေအထားတွေကြား သတိနဲ့ သွားလာနေကြရတယ်လို့ သိရပါတယ်။

ယာဥ်ငယ်မောင်းသူတဦးက “ဖားကန့်တက်လာတဲ့ကားကို ဘယ်သွားမလဲ မေးတယ်။ ဖားကန့်ကဆင်းလာရင် ကျောက်စိမ်းပါလား မေးတယ်။ ကား၊ ဆိုင်ကယ်တွေကိုလည်း အသေးစိတ်စစ်ဆေးတယ်။ လမ်းမှာလည်း အခုနေ ကိုယ်လွတ်လာရင် နောက်ကားတွေ လမ်းကြောပိတ်ချခံရလို့ ခရီးဖင့်ရတာမျိုးက မထင်မှတ်ဘဲ အမြဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖားကန့်အတက်ယာဥ်တွေဟာ လမ်းမှာ အနည်းဆုံး တသောင်းခွဲ၊ နှစ်သောင်းနီးပါးကုန်ပြီး   အဆင်းဆိုရင် ကျပ် တသောင်းလောက် အမြဲကုန်ကျရတယ်လို့ ဆိုပါတယ်။

တင်လာတဲ့ကုန်တွေအပေါ် မူတည်ပြီး ၅,၀၀၀ လောက် ပေးရတာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။ လုံးခင်းအထွက် လယ်ပြင် ယာဥ်ကြီးကြပ်ရေးရုံး၊ ဘီးခွန်၊ စစ်တပ်ဂိတ်၊ ယမ်းချက်စက်ရုံဂိတ်၊ နန့်တိန်းစစ်တပ်ဂိတ်၊ နန့်ယားစစ်တပ်ဂိတ်၊ မရန်ကထောင်ဂိတ်၊ ၂၁ မိုင် စုပေါင်းဂိတ်၊ မြို့ဝင်တိုးဂိတ် စသဖြင့် ဂိတ်တိုင်းမှာ ၁,၀၀၀၊ ၁,၅၀၀ ကျပ်၊ ဘီးခွန် ၅၀၀၊ ၂၀၀ စသဖြင့် အကြိမ်ကြိမ်ပေးဆောင်ရပါတယ်။

“ကုန်တွေကျ စားဆီဆိုရင် သိပ်ပြဿနာမရှိပေမဲ့ စက်သုံးဆီဆိုရင် ခွင့်မပြုကြပါဘူး။ ဆန်ဆိုရင်လည်း တအိတ်ကို တန်ဆာခက နှစ်သောင်းပေးရတယ်။ စစ်တပ်ဂိတ်တွေက ပြန်ခေါက်မလား၊ ထားခဲ့မလား မေးပါတယ်။ ထားခဲ့ရင် ရှစ်သောင်း၊ ကိုးသောင်း လျော်ရမှာ။ မတတ်နိုင်လို့ တင်ခဲ့တဲ့ဆီ ပြန်ပို့ရတာမျိုးရှိပါတယ်” လို့ ယာဥ်မောင်းတဦးက ပြောပါတယ်။ ဆန်၊ စက်သုံးဆီတွေကို တပိုင်တနိုင်သယ်ယူတာ ယာဥ်ငယ်တန်ဆာပစ္စည်းအဖြစ် တင်ခွင့်မပြုပေမဲ့ ကားကြီးနဲ့ပဲ တင်လို့ရတယ်လို့ ဆိုပါတယ်။

ခရီးသွားတဦးကလည်း “နန့်ယားမှာ ဖမ်းထားတဲ့ လိုင်စင်မဲ့ယာဥ်တွေမှ အများကြီး။ ခုတခေါက်က ယာဥ်လိုင်စင်နဲ့ ယာဥ်မောင်းလိုင်စင်ကိုပဲ အဓိကစစ်တော့တာမို့ ခရီးသည်တွေ မှတ်ပုံတင်ပြစရာ မလိုတော့ဘူး” လို့ ပြောပါတယ်။

ဆီတွေလည်း စျေးကမကျရတဲ့ကြား လမ်းကဆိုး၊ ကားအစစ်အဆေးကြမ်းလွန်းတော့ လိုင်းကားနဲ့ပဲ ဆင်းတော့တယ်။ ကိုယ့်ကားနဲ့ကိုယ်ဆိုရင် အကုန်အကျပိုများပြီး စိတ်ပူရတယ်လို့ ခရီးသွားတဦးက ဆိိုပါတယ်။

အစစ်အဆေး တင်းကျပ်မှုတွေကြား ဖားကန့်ကို တက်လာဆင်းသွားတဲ့ ခရီးသည်တွေကတော့ ၁ ရက် ယာဥ်အစီး ၃၀၀ နဲ့ ၄၀၀ ကြား ရှိတယ်လို့လည်း ယာဥ်မောင်းတဦးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013