
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် မနေ့ညပိုင်းက မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတယောက် မြေစာပိ သေဆုံးသလို နှစ်ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မှော်စီစာအပိုင်း အောင်သာယာ ၁ နဲ့ ဆောင်းချိန်ကြားက ဘက်ဟိုးနဲ့လုပ်နေတဲ့ လုပ်ကွက်တခုမှာ မြေစာပြိုကျတာဖြစ်ပြီး ဆန်းကြွယ်ကျေးရွာနေ ကိုအောင်ဆန်းဦး (ခ) ရှမ်းလေး မြေစာပိ သေဆုံးသွားတာ ဖြစ်ပါတယ်။
ဖားကန့်ဒေသခံတယောက်က “ဒဏ်ရာရသူက နှစ်ဦးရှိတယ်၊ တဦးကတော့ သေဆုံးခဲ့တယ်။ လုပ်ကွက်အမည်တော့ မသိရဘူးဗျ။ KIA ဘက်က အခုလောလောဆယ် တရားဝင်တူးခိုင်းတာ မရှိဘူး။ လက်ကျင်းတွေပဲ တူးခိုင်းထားတာ။ မှော်စီစာအခြမ်းဆိုတော့ စစ်တပ်ဘက်ကလည်း ရှိတယ်” လို့ DVB ကို ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကတော့ ဖားကန့်မြို့နယ်မှာ စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်ခွင့်ကို ပိတ်ထားသလို စက်တင်ဘာ ၁၅ ရက်မှာ ပြန်လည်တူးဖော်ခွင့် တရားဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
စစ်တပ်ဘက်ကတော့ ကျောက်စိမ်းတူးဖော်မှုကို တရားဝင်ရပ်နားတယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်တွေ့ မြေပြင်မှာတော့ လုပ်ငန်းရှင်တွေဆီက အခွန်အခတွေယူပြီး တူးဖော်ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။
ဒေသခံတယောက်က “မှော်စီစာက နှစ်ဖက်လုံးပိုင်နေတာပေါ့။ စစ်တပ်ဘက်ကလည်း ပြီးခဲ့တဲ့ စစ်ကြောင်းတွေ ရောက်တုန်းကလည်း ဘက်ဟိုးတွေကို မီးလိုက်ရှို့ခဲ့သေးတယ်။ အခုလုပ်ကွက်က ဘယ်ဘက်က ပိုင်တာလဲ ဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။
ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကြီးတွေဟာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်ပြီး ထွက်လာတဲ့ မြေစာတွေကို တောင်ကုန်းသဖွယ် စုပုံစွန့်ပစ်လေ့ရှိလို့ မိုးရာသီကာလတွေမှာ ရက်ဆက် မိုးသည်းထန်စွာရွာသွန်းရင် အဲဒီစွန့်ပစ်မြေစာပုံတွေဟာ ရေပြည့်ဝပြီး မြေသားတွေ ပြိုကျတတ်တာလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းပိုင်းက မှော်စီစာကျေးရွာအနီးက 111 ကျောက်စိမ်းကုမ္ပဏီလုပ်ကွက် အပါအဝင် လုပ်ကွက်တချို့ကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်ပြီး ဘက်ဟိုးကားတွေနဲ့ မြေတင်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖားကန့်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တည်ငြိမ်နေပါတယ်။











