DVB Logo
Home
မြန်မာသတင်း
ဆွီဒင်ထုတ် စစ်လက်နက်များ အိန္ဒိယက မြန်မာစစ်တပ်ထံ ဆက်လက်ရောင်းချနေ
DVB
·
June 22, 2023
ဆွီဒင်ထုတ် စစ်လက်နက်များ အိန္ဒိယက မြန်မာစစ်တပ်ထံ ဆက်လက်ရောင်းချနေ
Donate to DVB

မြန်မာအကြမ်းဖက်စစ်အုပ်စုအတွက် အိန္ဒိယနိုင်ငံက ဆွီဒင်ထုတ် စစ်လက်နက်‌တွေ ရောင်းချနေပြီး ဒီအပေါ် ဆွီဒင်နိုင်ငံအနေနဲ့ အရေးယူဆောင်ရွက်ဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဉရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ထားပြီးဖြစ်တဲ့အတွက် ဘာကြောင့် ဆွီဒင်ထုတ် လက်နက်ပစ္စည်းအစိတ်အပိုင်းတွေ အိန္ဒိယက မြန်မာနိုင်ငံကို နောက်ထပ်တဖန် တင်ပို့ရောင်းချတာတွေ ရှိနေတယ်ဆိုတာ စုံစမ်းစစ်ဆေးရမယ်လို့ ဆိုပါတယ်။

ဆွီဒင်အစိုးရနဲ့ သူ့ရဲ့ လက်နက်ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ဖြစ်တဲ့ မဟာဗျူဟာ ထုတ်ကုန်များ ကြီးကြပ်ရေးအဖွဲ့ (Inspectorate of Strategic Products-ISP) တို့အနေနဲ့ နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်းမရှိ ကျူးလွန်နေတဲ့ တရားမဝင် မြန်မာစစ်အုပ်စုလက်ထဲကို ဆွီဒင်စစ်လက်နက်တွေ မရောက်ဖို့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားတာပါ။

အိန္ဒိယနိုင်ငံက ဟောင်ဝစ်ဇာတွေအတွက် ၁၂၂ မမ အမြောက်ပြောင်းကြီးတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို မြန်မာစစ်တပ်ထံ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ဆက်လက်တင်ပို့ခဲ့တာ တွေ့ရပြီး အဲ့ဒီအမြောက်ပြောင်းကြီးတွေ ထုတ်လုပ်သူဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးတွဲလုပ်တဲ့ နိုင်ငံတော်ပိုင်ကုမ္ပဏီ Yantra India Limited ဖြစ်တယ်လို့ Justice For Myanmar အဖွဲ့က ပြောပါတယ်။

အမ်ဘတ်ဟာရီမြို့မှာရှိတဲ့ Yantra India Limited ရဲ့ အမြောက်လက်နက်စက်ရုံက လက်ရှိမှာ 84 mm mark-III FFV 551 Carl Gustaf ခဲယမ်းကျည်တွေကို ထုတ်လုပ်နေပြီး FFV551 ဟာ မူလပေါက်ကွဲအားကောင်း တင့်ကားဖျက်ကျည်ဖြစ်ပြီး ဒုံးကျည်တပ် ကျည်ဖူးတခု ဖြစ်ပါတယ်။

Stockholm International Peace Research Institute (SIPRI) ရဲ့ အချက်အလက်တွေအရ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံကို တတိယမြောက် အများဆုံး လက်နက်တင်သွင်းသူဖြစ်ပြီး တရုတ်နိုင်ငံက ၃၆ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေကာ သူ့နောက်မှာတော့ ရုရှားနိုင်ငံက ၂၇ ရာခိုင်နှုန်းနဲ့ ရှိနေတာ ဖြစ်ပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာနေတဲ့ မြန်မာစစ်တပ်ဆီ စစ်လက်နက်ရောင်းချမှုတွေမှာ ဆွီဒင်နိုင်ငံရဲ့ ထင်ထင်ရှားရှား ပတ်သက်မှုတွေအပေါ် အလွန်စိုးရိမ်မိပါတယ်။ ISP အနေနဲ့ Sandeep Metalcraft အပါအဝင် ဆွီဒင် အပေါ့စား စစ်လက်နက် အစိတ်အပိုင်းတွေနဲ့ ခဲယမ်းကျည်တွေကို အိန္ဒိယကနေ မြန်မာနိုင်ငံဆီ ဆက်ပြီး ရောင်းချနေတဲ့အပေါ် စေ့စေ့ငုငု စုံစမ်းစစ်ဆေးရပါမယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဆီ စစ်လက်နက်တွေနဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ ရောင်းချမှုကို တားမြစ်ထားတဲ့ အီးယူ စစ်လက်နက်ရောင်းချမှု တားမြစ်ချက်ကို ဆွီဒင်နိုင်ငံအနေနဲ့ လိုက်နာလုပ်ဆောင်စေဖို့ ဆောင်ရွက်ရပါမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေက တရားမဝင် မြန်မာစစ်အုပ်စုနဲ့ စီးပွားရေး ဆက်လက်လုပ်ဆောင်မှုတွေမှာ တွေ့မြင်ရတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝါဆာနာ သဘောတူစာချုပ်နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေပါ လိုက်နာရမယ့် စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ဂရုမစိုက်ပြုမူနေတဲ့ အခြေအနေမှာ ဆွီဒင်အစိုးရ အနေနဲ့ အိန္ဒိယ စစ်လက်နက်ထုတ်လုပ်သူ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ ထုတ်လုပ်ရေးနဲ့ တင်ပို့ရောင်းချရေး သဘောတူစာချုပ်တွေကို ရပ်ဆိုင်းခြင်း အပါအဝင် နောက်တဆင့် လွှဲပြောင်းရောင်းချမှုတွေကို တားဆီးကန့်သတ်ပိတ်ပင်ဖို့ အရေးတကြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

“အိန္ဒိယနိုင်ငံဟာ ဆွီဒင် ဒီဇိုင်းထုတ် စစ်လက်နက်တွေ အပါအဝင် သမားရိုးကျ စစ်ပွဲလက်နက်တွေ၊ ခဲယမ်းမီးကျောက်နဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ မြန်မာနိုင်ငံကို ရောင်းချကြောင်း ထင်ရှားတဲ့သမိုင်းကြောင်းရှိတဲ့ အနေအထားမှာ အိန္ဒိယနိုင်ငံမှာ M4 ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖို့ Saab ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးအပ်တဲ့ ဆုံးဖြတ်ချက်ကို အများပြည်သူထံ ထုတ်ပြန်ပေးရေး ချမှတ်ဖို့ ISP ကို တောင်းဆိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013