DVB Logo
Home
Lead Story
လူသားဆန်သူများ
DVB
·
June 22, 2023
လူသားဆန်သူများ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မယ့်ဟောင်ဆောင်ခရိုင်၊ မယ့်စရင်းယမ်းမြို့နယ်ရုံးထဲကို စားစရာ ဟင်းသီးဟင်းရွက်၊  အမိုးအကာ၊ အဝတ်အထည်၊ ယာယီတဲတွေတည်ဆောက်ဖို့ အကာအရံတွေ အပြည့်တင်ဆောင်နေတဲ့ ကားတွေ မနက် ၈ နာမထိုးခင် ရောက်ရှိပြီး လာရောက်လှူတဲ့ ပစ္စည်းတွေကို ကားပေါ်တင် ပြင်ဆင်နေကြပါတယ်။

အခုရက်ပိုင်း မြန်မာဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ရည်ရွယ်တဲ့ အလှူပစ္စည်းတွေထဲမှာ ဒေသလူမှုအဖွဲ့တွေရဲ့ အကူအညီတွေ အပါအဝင် ကြက်ခြေနီအဖွဲ့တွေရဲ့ အကူအညီပစ္စည်းတွေပါ ပါဝင်နေပါတယ်။

တဖက်မှာလည်း ရုံးတွင်း ခရီးထွက်ရမယ့်သူတွေ ပြင်ဆင်ပြီး သူတို့လိုအပ်တဲ့ အသုံးအဆောင် ဖိနပ်၊ လွယ်အိတ်၊ မိုးကာ အစ ပြင်ဆင်နေကြလို့ ရုံးတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါတယ်။

တဖက်မှာတော့ မြို့နယ်ရုံးကို ရောက်လာပြီး ထောက်ခံစာယူမယ့်သူ၊ လက်မှတ်လာလုပ်တဲ့ ဒေသနေ ပြည်သူတွေ၊ မှတ်ပုံတင်ရိုက်ကြမယ့်သူတွေကို  မဖြစ်မနေ လုပ်ရမယ့်အရေးကလွဲလို့ တခြား နောက်ဆုတ်လို့ရတဲ့ ကိစ္စတွေကို နောက်ဆုတ်ပြီး ရက်ရွှေ့ပြီး ရက်ချိန်းပြန်ပေးတာနဲ့ အလုပ်ရှုပ်နေကြတာက မယ့်စရင်းယမ်းမြို့နယ်က မြို့နယ်တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

“ဟိုးဘက်မှာ ပစ်ကြခတ်ကြလို့ ကျနော်တို့ဘက်ကို စစ်ရှောင်တွေ အများကြီးရောက်လာလို့ သွားကူဖို့ အလုပ်ရှုပ်နေကြတာပါ” လို့ အဲဒီမှာ တာဝန်ကျတဲ့ မြို့နယ်ဝန်ထမ်းတဦးက လာတဲ့သူတွေကို ပြောပြနေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် ဇွန်လ ၁၃ ရက်နေ့ကစပြီး ကရင်နီ(ကယား)ပြည်နယ် ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင်၊ မယ်စရင်းယမ်းမြို့နယ်နဲ့  နယ်နိမိတ်ချင်းထိစပ်နေတဲ့ မယ်စဲ့မြို့နယ်မှာ ကရင်နီ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့လို့ နှစ်ဘက်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီရက်ကစပြီး ရက်ဆက်တိုက်ပွဲတွေ ဆက်ဖြစ်နေသလိုပဲ စစ်ကောင်စီကတော့ သူတို့ရဲ့ ထုံးစံတိုင်း လေကြောင်းတွေ အသုံးပြု တိုက်ခိုက်၊ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်တာတွေ လုပ်နေပါတယ်။

ထိုင်းဘက်ခြမ်းကို ရောက်လာတဲ့ စစ်ရှောင်အမျိုးသမီးတဦးက “ကျမတို့ လယ်ထဲမှာ လက်နက်ကြီးတွေ လှမ်းထုလို့ လယ်ထဲအထိကျလို့ ဘယ်သူမှ မနေရဲတော့ဘူး။ ထွက်ပြေးလာရတာ” လို့ ပြောပြပါတယ်။

ဒီလို နှစ်ဖက်တိုက်ပွဲကြောင့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းကတည်းက ကရင်နီ(ကယား)ပြည်နယ်အသီးသီးက စစ်ရှောင်တွေဟာ မယ်စဲမြို့နယ် ထိုင်းနယ်စပ်က နေရာတွေမှာ စစ်ရှောင်နေခဲ့ကြတာပါ။

အခု မယ်စဲမြို့နယ်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာကြောင့် မယ်စဲမြို့နယ်က ဒေသခံတွေအပါဝင် မြို့နယ်တွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေလည်း ထိုင်းနယ်စပ် မယ့်ဟောင်ဆောင် ခရိုင်ထဲကို ကစဉ့်ကလျားနဲ့ ရောက်ရှိလာကြတာပါ။

မယ့်စရင်းယမ်းမြို့နယ် ဆောင်ဟီကျေးရွာမှာ အများစုရောက်လာကြပြီး တခြားနေရာတွေကိုလည်း ပြန့်ကျဲ ရောက်ရှိတာတွေလည်း ရှိနေတာပါ။

မယ့်စရင်း ယမ်းမြို့နယ် ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ ပြန့်ကျဲပြီး ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံဘက်ခြမ်းက စစ်ရှောင်တွေ ၅၀၀၀ လောက်ရှိပြီလို့ ခန့်မှန်းရကြောင်း ပြောပါတယ်။

ဒီအတွက် သူတို့တွေအနေနဲ့ မယ့်စရင်းယမ်းမြို့ကနေ စစ်ရှောင်တွေ ရောက်ရှိလာတဲ့ ဆောင်ဟီကျေးရွာနဲ့ နယ်စပ် ကျေးရွာတွေကို သွားဖို့ ပြင်ဆင်ကြတာပါ။

“လမ်းအတိုင်းသွားရတဲ့ ချောင်းတလျှောက်လည်း ရေမကြီးဖို့ မျှော်လင့်တယ်” လို့လည်း စစ်ရှောင်တွေကို သွားရောက်ကူညီမယ့် ဝန်ထမ်းတဦးက ပြောပါတယ်။

မယ့်စရင်းယမ်းမြို့ကနေ ဆောင်ဟီကျေးရွာကို ကားလမ်းတဝက်လောက်သာ ပေါက်ပြီး ကျန်နေရာတွေကတော့ ချောင်းအတိုင်း မောင်းနှင်ရသလို မြေသားလမ်းတွေနဲ့ သွားလာနေကြရတာကြောင့်  မိုးတွင်းမှာဆိုရင် တောင်ကျရေအန္တရာယ်နဲ့ မြေသားလမ်းတွေ လမ်းချော်တဲ့အတွက် သွားရေးလာရေး ခက်ခဲလေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။

ဘယ်လိုပင် ခက်ခက်နေပါစေ။  တဖက်နိုင်ငံကနေ ရောက်ရှိလာတဲ့ စစ်ရှောင်တွေကို သွားရောက်ကူညီဖို့ ထိုင်းနိုင်ငံသားတွေရဲ့  “လူသားဆန်တဲ့” စိတ်ဓာတ်ကို ဖျောက်ဖျက်လို့မရဘဲ တက်တက်ကြွကြွနဲ့ သွားရောက်ကူညီနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013