
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မန္တလေး-မုံရွာလမ်း၊ နတ်ရေကန် စစ်ဆေးရေးဂိတ်မှာ လူနာတင်ယာဉ်တွေကို တင်းကျပ်စွာ စစ်ဆေးနေပြီး ယာဉ်လိုင်စင်မရှိတဲ့ ကားတွေနဲ့ ယာဉ်မောင်းလိုင်စင်မရှိသူတွေကို ဖမ်းဆီး အရေးယူနေတယ်လို့ နယ်ခံပရဟိတ အသင်းတွေဆီက သိရပါတယ်။
နတ်ရေကန် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပရဟိတအသင်း ကားတွေကို ယာဉ်လိုင်စင် မရှိလို့ဆိုပြီး ဖြတ်သန်းခွင့်မပြုဘဲ လူနာတွေကို အဲဒီဂိတ်အရောက်မှာ လိုင်းကားတွေနဲ့ မန္တလေးဆေးရုံကို ကားချိန်းပြီး ပို့ဆောင်နေရတယ်လို့ ဆိုပါတယ်။
လူနာတင်ယာဉ် ယာဉ်မောင်းတဦးက “တခြားအသင်းကလူတွေ ပြောနေသံတော့ ကြားတယ်ဗျ။ လူနာကလည်း အရေးကြီးနေလို့ သွားပို့ဖြစ်တာပါ။ လူနာဆေးရုံပြောင်းလွှဲစာလည်း ပါပါတယ်။ ကားကတော့ လိုင်စင်မရှိဘူး။ ယာဉ်မောင်းလိုင်စင်တော့ ရှိတယ်။ သူတို့က ပေးမဖြတ်တော့ လိုင်းကားနဲ့ပဲ တင်ပေးလိုက်ရတယ်။ ဆင်းရဲနွမ်းပါးသူတွေဆိုတော့ ကျနော်တို့ အဖွဲ့ကလူတွေ ငွေစုပြီး ကားခစိုက်ပေးလိုက်ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုနှစ် ဇွန်လအတွင်း နတ်ရေကန် စစ်ဆေးရေးဂိတ်မှ လူနာတင်ယာဉ် ယာဉ်မောင်း နှစ်ဦးကို ယာဉ်မောင်းလိုင်စင်မပါလို့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ငွေယူကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
လူနာစောင့် နယ်ခံအမျိုးသမီးတဦးက “အခု လူနာကြီးနဲ့ လိုင်းကား စီးသွားနေရတော့ ဘယ် အဆင်ပြေမလဲ၊ ငွေလည်းကုန်တယ်။ လူနာလည်း ပိုပင်ပန်းတာပေါ့။ ရောဂါတောင် ပိုတိုးသွားနိုင်တယ်။ နည်းနည်းသက်သာလို့ရှိရင် ဆိုင်ကယ်နဲ့တော့ သွားလို့ရတာပေါ့။ ဆိုင်ကယ်နဲ့ကျ အမျိုးသားနှစ်ယောက် စီးခွင့်လည်း မရဘူးလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မတော်တဆ ယာဉ်တိုက်မှု ပြင်းထန်ဒဏ်ရာ ရရှိသူတွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ အောက်စီဂျင်စက် တပ်ထားရသူ လူနာတွေနဲ့ အရေးပေါ်အခြေအနေအရ ကျန်းမာရေး စောင့်ရှောက်မှု စောင့်ကြည့်ပေးနေရတဲ့ လူနာတွေကို လိုင်းကားနဲ့ ဆေးရုံကို သွားရမယ်ဆိုရင် အဆင်မပြေနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
လူမှုကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့ လိုင်စင်ကား ဝယ်ယူအသုံးပြုနိုင်ဖို့ ငွေကြေး အဆင်မပြေတာနဲ့ ဖမ်းဆီးအရေးယူမှုတွေ ရှိနေတဲ့အတွက် နယ်ဝေးလမ်းကြောင်းတွေကို ရပ်နားထားမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လူမှုကူညီကယ်ဆယ်ရေးအသင်းများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပြီး အသင်းမှတ်ပုံတင်တွေ စိစစ်တာ၊ အသင်းသားဦးရေ တင်ပြခိုင်းတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လူနာတင်ယာဉ်တွေ လမ်းကြောင်းထွက်မယ်ဆိုရင် နယ်မြေခံရဲစခန်းတွေကို ကြိုတင်အကြောင်းကြားဖို့ အသင်းတာဝန်ရှိသူတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ခေါ်ယူသတိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo Cj










