
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်မှာ လူနာတင်ကားအပါအဝင် ကား ၃ စီး တိုက်မိခဲ့ပြီး အမျိုးသား ၂ ယောက် သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
မေ ၂၂ ရက် မနက် ၁၀ နာရီကျော်လောက်က ရန်ကုန်- ပုသိမ်ကားလမ်းပေါ် ကျောင်းကုန်းနဲ့ ဒါးက အကြား၊ ၈၂ မိုင် ၅ ဖာလုံနဲ့ ၈၂ မိုင် ၆ ဖာလုံကြားမှာ လူနာတင်ယာဉ် ၁ စီးက အိုးဝေနဲ့ ခရီးသည်တင်ယာဉ်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ကားတိုက်မိလို့ အိုးဝေယာဉ်မောင်းအမျိုးသားနဲ့ ပရဟိတ လူနာတင်ယာဉ်မောင်း အမျိုးသားတို့ သေဆုံးခဲ့ပြီး အမျိုးသမီးတယောက်နဲ့ အမျိုးသား ၃ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “ယာဉ်တိုက်မှုက လူနာသွားတင်တဲ့ ပရဟိတကားက စလစ်ဖြစ်တာ။ စလစ်ဖြစ်တဲ့ပရဟိတယာဉ်က အရှိန်မထိန်းနိုင်ဘဲ အိုးဝေယာဉ်ကိုတိုက်ပြီး ခရီးသည်တင်ယာဉ်ကိုထပ်တိုက်တာ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကျောင်းကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ပုသိမ်ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက်ကလည်း ကျောင်းကုန်မြို့နယ်၊ သဲကုန်းကျေးရွာ မိုင်တိုင်အမှတ် ၇၇/၇ နားမှာ မောင်းလာတဲ့ ခရီးသည်တင်ယာဉ်တစီးက သစ်ပင်ဝင်တိုက်လို့ အမျိုးသားတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။










