
ရေဘေးနဲ့ကြုံတွေ့နေရတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတယောက် ရေနစ် ပျောက်ဆုံးနေလို့ ညတွင်းချင်း ရှာဖွေကယ်ဆယ်ရေး လုပ်နေရတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဩဂုတ် ၂၂ ရက် ည ၈ နာရီဝန်းကျင်မှာ ရေကြည်မြို့၊ ဆင်ကူးရပ်မှာ နေထိုင်တဲ့ လူငယ်ဟာ ရေနစ် ပျောက်ဆုံးနေတာ ဖြစ်ပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းရှာဖွေနေတာပါ။
ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ မြို့ခံတယောက်က “မတွေ့သေးဘူး။ ၈ နာရီလောက်က ဖြစ်တာ။ အခုထိ ရှာနေတုန်းပဲ” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်ဟာ လေးမျက်နှာရေးဘေးရဲ့ နောက်ဆက်တွဲအနေနဲ့ ဆိုးရွားတဲ့ ရေကြီး ရေလျှံမှုနဲ့ ရင်ဆိုင်နေရတဲ့ မြို့နယ်ဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေ အရေးပေါ်လိုအပ်နေတဲ့ ပါတယ်။
လေးမျက်နှာရေဘေး စတင်ပြီး သီတင်း ၃ ပတ်ကျော်လာတဲ့အချိန်မှာ ရေဘေးကြောင့် သေဆုံးသူ ၇ ယောက်ထက်မနည်း ရှိလာပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်ခဲ့တာ ၃ ပတ်ဝန်းကျင် ကြာလာချိန်မှာ ကျောင်းကုန်မြို့နယ်အထိပါ ကူးစက်လာလို့ အရေးပေါ်ရွှေ့ပြောင်း ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ကျောင်းကုန်းမြို့နယ်ဟာ ငဝန်မြစ်နဲ့ တိုက်ရိုက်ထိစပ်ခြင်းမရှိပေမဲ့ ဒါးကမြစ်ကမ်းနံဘေးမှာရှိလို့ ငဝန်မြစ်ရေတွေ ဒါးကမြစ်အတွင်း စီးဝင်လာရာကနေ လက်ရှိမှာ ရေကြီးရေလျှံတာတွေ ကြုံတွေ့နေရတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ငဝန်မြစ်နဲ့တော့ တိုက်ရိုက်မထိဘူး။ ဒါပေမဲ့ အဲဒီက တာပေါက်ကို မပိတ်နိုင်တော့ ရေက ဒါးကမြစ်ထဲ ဝင်တာပေါ့။ ကျနော်တို့မြို့က မြစ်ဘေးတင်ဆိုတော့ အခုမြုပ်ပြီ။ မြို့ပေါ်ရပ်ကွက်တွေလည်း ရေဝင်နေပြီ။ ကျေးရွာတွေလည်း မြုပ်နေပြီ။”
ကျောင်းကုန်းမြို့နယ်အတွင်းက ကျေးရွာတချို့နဲ့ မြစ်ကမ်းနံဘေးက ရပ်ကွက်တွေထဲကို ဩဂုတ် ၁၅ ရက် ဝန်းကျင်ကတည်းက ရေဝင်နစ်မြုပ်နေခဲ့တာဖြစ်ပြီး မနက်ပိုင်းမှာ အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ မြို့ခံက ပြောပါတယ်။
ဩဂုတ် ၂၂ ရက် မနက်ပိုင်းကတည်းက ကျောင်းကုန်းမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်ဖြစ်တဲ့ အမှတ် ၁ နဲ့ အမှတ် ၃ ရပ်ကွက်တွေမှာ ရေဝင်ရောက်မှုအခြေအနေ ဆိုးရွားခဲ့လို့ မြို့နယ် မီးသတ်နဲ့ ဒေသခံတွေ ဝိုင်းဝန်းပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့ခံတယောက်က “ရေက တရက်ထက်တရက် ပိုပိုတက်လာတယ်။ ရေထရက်နဲ့ တိုးတာလည်း ပါတာပေါ့။ မနက်ကတည်းက ကယ်ဆယ်ရေးတွေ လုပ်ပေးနေရတယ်။ မီးသတ်နဲ့ မြို့ခံတွေပေါင်းပြီး လှေတွေ သမ္ဗန်တွေနဲ့ ရွှေ့ပေးနေတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြစ်ရေတိုးနေတာကြောင့် ရေဘေးသင့်ဧရိယာ ပိုမိုကျယ်ပြန့်လာနေကာ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်မြို့တွေမှာ ဆိုးရွား တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် ကျောင်းကုန်း၊ ဒါးကနဲ့ အိမ်မဲမြို့နယ်တွေမှာလည်း လာမဲ့ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွာ းကြုံတွေ့လာရနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ နှိုးဆော်နေပါတယ်။











