DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် လူနာတင်ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
March 17, 2025
အမြန်လမ်းတွင် လူနာတင်ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မြို့ချောင်းတိုက်နယ်၊ ၉၇ မိုင် ၆ ဖာလုံအနီးမှာ မတ် ၁၆ ရက် မနက် ၉ နာရီလောက်က ကယ်ဆယ်ရေးအသင်းတခုရဲ့ လူနာတင်ယာဥ်တစီး တိမ်းမှောက်ခဲ့လို့ လူ ၃ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ရန်ကုန်၊ သာကေတမြို့နယ်ကနေ နေပြည်တော်ကို လူနာပို့ဆောင်ဖို့ သွားတဲ့ အောင်ဇေ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်တစီးဟာ အမြန်လမ်းမှာ ခွေးကိုရှောင်ရင်း အရှိန်လွန်ကာ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

အမြန်လမ်း ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ရန်ကုန်ကနေ နေပြည်တော်ဘက်သွားတဲ့ ဘက်မှာ ဖြစ်တာ။ တခုခု‌ကိုရှောင်ရင်း အရှိန်လွန်ပြီး လမ်းအလယ်က အပင်တွေကို တိုက်မိပြီး မှောက်ထားတဲ့ပုံစံပါ။ လူနာ ၂ ဦး၊ သေဆုံး ၃ ဦး” လို့ ပြောပါတယ်။

လူ ၅ ယောက်ပါ အသင်းယာဉ် တိမ်းမှောက်မှုကြောင့် ၉ တန်းကျောင်းသူ အသက် ၁၈ နှစ်အရွယ် စေတနာ့ဝန်ထမ်း အသင်းသူတယောက်၊ ကားပေါ်ပါ လူနာနဲ့ လူနာရှင်တယောက်ပါ သေဆုံးသွားခဲ့ပြီး စေတနာ့ဝန်ထမ်း အမျိုးသား ၂ ယောက်မှာ ခါးထိခိုက်မှု ပြင်းထန်ဒဏ်ရာတွေ ရရှိသွားပါတယ်။

ကူညီကယ်ဆယ်ရေးကို အမြန်လမ်းကယ်ဆယ်ရေးအဖွဲ့တွေအပြင် နီးစပ်ရာ အရပ်ဘက်အသင်းတွေက လုပ်ဆောင်ခဲ့ကြပြီး မြို့ချောင်းတိုက်နယ်ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ထပ်ဆင့်ပို့ဆောင်ပေးထားကြပါတယ်။

ရန်ကုန်ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဆုံးသွားတဲ့ အသင်းသူက စေတနာ့ဝန်ထမ်း ကျောင်းသူလေးပါ။ ‌အဖွဲ့သားတွေရော ရန်ကုန်ကအသင်းတွေရော အကုန်လုံး စိတ်မကောင်း တော်တော်ဖြစ်ရပါတယ်။ ကားက လူနာတဦးနဲ့ နေပြည်တော်ဘက်ကို ဆေးကုဖို့ လိုက်ပို့တာ။ ကားပေါ်ပါ ဆုံးသွားတဲ့လူနာနဲ့ လူနာရှင် ၂ ဦးက၊ ကျား ၁၊ မ ၁ ပါ” လို့ ပြောပါတယ်။

သေဆုံးသူ ရုပ်အလောင်းတွေကို ရန်ကုန်၊ တောင်ဒဂုံ ကျီစုသုသာန် ပို့ဆောင်ပေးထားကြသလို သေဆုံးသွားတဲ့ အသင်းသူ မိန်းကလေးဟာ ၉ တန်းဖြေဆိုပြီးနောက် စေတနာ့ဝန်ထမ်း လာရောက်လုပ်ကိုင်ပေးနေသူလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်ကလည်း အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး EV ကား အားသွင်းစက်အနီးမှာ ကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ်တစီး စက်ချို့ယွင်းပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့လို့ နှလုံးရောဂါကြောင့် ကွယ်လွန်ခါနီး လူနာအမျိုးသားတယောက် သေဆုံးခဲ့ကာ လူ ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013