
ထိုင်းအရှေ့ပိုင်း ချချိန်းဆောင်းခရိုင် ဘန်ပကုန်းမြို့နယ်ထဲမှာ ဒီကနေ့ (စက်တင်ဘာ ၇ ရက်) မနက်က စက်ရုံအလုပ်သမားတွေ တင်လာတဲ့ ကားတစီး မတော်တဆတိ မ်းမှောက်သွားပြီး လူ ၂၄ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကနေ့ မနက် ၆ နာရီခွဲက ဘန်ပကုန်းမြို့နယ် ဘန်ဆမတ်ရပ်ကွက်ထဲမှာ ဖယ်ရီဘတ်စ်ကားတစီး မတော်တဆထိခိုက်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်ပကုန်းနယ်မြေ ရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာမှာ ချချိန်းဆောင်းနံပါတ်ပြားပါ အဖြူနဲ့အပြာစပ် ဘတ်စ်ကားတစီး လမ်းဝိုင်လင်းမြောင်းထဲကို တိမ်းမှောက်သွားတယ်၊ ကားပေါ်ပါလာတဲ့ ယာဉ်မောင်းနဲ့ မြန်မာလုပ်သား စုစုပေါင်း ၃၀ လောက်ဟာ ကားထဲကနေ ရုန်းထွက်လာပြီး လမ်းဘေးပေါ် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
သူတို့ထဲမှာ ထိခိုက်ဒဏ်ရာရထားသူ အမျိုးသား ၂၁ ယောက်၊ အမျိုးသမီး ၃ ယောက်၊ ပေါင်း ၂၄ ယောက်ရှိပြီး ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်ရှေးဦးသူနာပြုစုကာ ချူရာရတ် ၁၁ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၆၅ နှစ်ရွယ်ရှိ ယာဉ်မောင်း နိုင်းအမ်းနွေး ပြောပြချက်အရ ဒီမနက်က သူဟာ အလုပ်သမားတွေကို Wellgrow စက်မှုဇုန်ကို အလုပ်ဆင်းဖို့ သွားကြိုလာခဲ့တယ်။ ကျဉ်းမြောင်းတဲ့ လမ်းကြားတနေရာရောက်တော့ ကားဘီးဟာ လမ်းဘေးကို ချော်ကျသွားပြီး ထိန်းချုပ်လို့ မရတော့တာကြောင့် မြောင်းထဲကို တိမ်းမှောက်ကျဆင်းသွားတာလို့ ထွက်ဆိုခဲ့ပါတယ်။
တာဝန်ရှိသူတွေက မတော်တဆဖြစ်ပွားရတဲ့ အကြောင်းရင်းအသေးစိတ်ကို ဆက်လက်စစ်ဆေးမေးမြန်းပြီး ထိခိုက်ပျက်စီးမှုတွေ တွက်ချက်ကာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: MGROnline











