
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖောင်းတောရွာက အမျိုးသမီး လေးယောက်ကို ဇွန် ၂၀ ရက် ညမှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောင်းတောရွာက မစုဝေ၊ မနှင်းမြင့်၊ မမီးချိုနဲ့ မမီးလေးတို့ကို ဇွန် ၂၀ ရက် ည ၈ နာရီဝန်းကျင်မှာ သူတို့ရဲ့နေအိမ်တွေမှာပဲ မောရဝတီရေတပ်က စစ်ကားတွေနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖောင်းတောရွာသားတဦးက “ရွာထဲက တယောက်ယောက်က လက်ထောက်ချပြီး တိုင်တာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ အဲနေ့က (ဇွန် ၁၉) ပေ့ချ်တခုက ပို့စ်တင်ထားတဲ့အထဲမှာ ပုံတချို့က ဘယ်သူဘယ်ဝါဆိုတာ သိသာနေတော့ အိမ်တိုင်ရာရောက် လာဖမ်းသွားတာပဲ” လို့ ပြောပါတယ်။
အဖမ်းခံရသူ ၄ ဦးစလုံးကို ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို ဇွန် ၁၉ ရက်က အဖမ်းခံရတဲ့ ကံပေါက်ရွာက မူကြိုကျောင်းပိုင်ရှင် လင်မယားလည်း ပြန်မလွတ်လာသေးတာကြောင့် ၂ ရက်အတွင်း အဖမ်းခံထားရသူ ၆ ဦးရှိနေပြီ ဖြစ်ပါတယ်။
အဲဒီ ၆ ဦးစလုံးဟာ ဇွန် ၂၂ ရက်မနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။
ဇွန် ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တနိုင်ငံလုံးနဲ့ နည်းတူ ကံပေါက်ဒေသက ကျေးရွာအုပ်စု ၃ ခုမှာ ပန်းသပိတ်ကို မြေပြင်လှုပ်ရှားမှုနဲ့ အွန်လိုင်းကမ်ပိန်းလှုပ်ရှားမှု ၃ ခုထက်မနည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပန်းသပိတ်မှာ ပါဝင်သူ လူသိများထင်ရှားသူအချို့ အပါအဝင် နိုင်ငံအနှံ့အပြားက ပြည်သူတွေကို စစ်ကောင်စီ တယ်လီဂရမ် ချန်နယ်တွေက သွားရောက်ဖမ်းဆီးဖို့ လက်ထောက်ချ တိုက်တွန်းတာတွေ လုပ်ဆောင်နေပြီး ဒီကနေ့အထိ အဖမ်းခံနေရသူတွေလည်း ရှိနေပါတယ်။










