DVB Logo
Home
မြန်မာသတင်း
စစ်လက်နက်ဝယ်ရာတွင် အခရာကျသည့် ဘဏ် ၂ ခုနှင့် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်အရေးယူမည်
DVB
·
June 22, 2023
စစ်လက်နက်ဝယ်ရာတွင် အခရာကျသည့် ဘဏ် ၂ ခုနှင့် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်အရေးယူမည်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်လက်နက်ဝယ်ယူရာမှာ အခရာကျတဲ့ စစ်အုပ်စုထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က အရေးယူသတ်မှတ်မှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ဇွန် ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ခုလိုအရေးယူသတ်မှတ်မှုတွေကို ဆောင်ရွက်ရတာက သူတို့ဟာ စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ နိုင်ငံရေးနည်းလမ်းအရ သတ်မှတ်ထားတဲ့ အုပ်ချုပ်ရေးအပိုင်းအခြားတွေ၊ အေဂျင်စီတွေ (သို့မဟုတ်) စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် သမ္မတရဲ့ အမိန့်အမှတ် ၁၄၀၁၄ အရ ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ  နိုင်ငံခြားငွေကြေးသုံးစွဲမှု အဆင်ပြေချောမွေ့စေ ရေးအတွက် MFTB နဲ့ MICB ဘဏ်တွေဟာ အခရာကျတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

အဆိုပါဘဏ်တွေဟာ သူတို့ရဲ့ နိုင်ငံခြားဘဏ်စာရင်းတွေကို အသုံးပြုကာ မြန်မာနိုင်ငံရဲ့ အခွန်ဘဏ္ဍာငွေရှာဖွေပေးတဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွကို နိုင်ငံတကာဈေးကွက်နဲ့ အလွယ်တကူချိတ်ဆက်နိုင်စေပြီးတော့ စစ်ရေးကိစ္စရပ်တွေအတွက် အာဏာရှင် အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မယ့် ငွေကြေးအရင်းအမြစ်အမြောက်အမြားကို ပံ့ပိုးပေးခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ကတော့ မိမိတို့နိုင်ငံတော်အတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ စစ်မှန်သော ဒီမိုကရေစီအနာဂတ်တခုကို ရှာဖွေနေကြတဲ့ မြန်မာပြည်သူတွေအတွက် အားပေးထောက်ခံမှုကို အမေရိကန်က ဖြေလျှော့သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အာဏာရှင်အဖွဲ့အစည်းက ရုရှားကာကွယ်ရေးကဏ္ဍဆီ ခိုင်မာတဲ့ ငွေကြေးလွှဲပြောင်းပေးနိုင်မှုကို ထိန်းချုပ်ကန့်သတ်ရင်း အာဏာရှင်အဖွဲ့အစည်းက အကြမ်းဖက်မှုတွေကို တိုးမြှင့်ဖို့နဲ့ အကြပ်အတည်းကို ရှည်ကြာစေဖို့ ဆောင်ရွက်ရာမှာ နိုင်ငံတကာဘဏ္ဍာရေးစနစ်ကတဆင့် အမြတ်ထုတ်နိုင်မှုကို ကန့်သတ်နိုင်ဖို့ မိတ်ဖက်တွေ၊ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာအသိုက်အဝန်းက မဟာမိတ်တွေနဲ့အတူ ဆက်လက်ထိတွေ့ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အမေရိကန်အခြေစိုက်ဘဏ်တွေနဲ့ အမေရိကန်ဘဏ်တွေရဲ့ ဘဏ်ခွဲတွေမှာ နိုင်ငံပိုင်ဘဏ်တွေရဲ့ နိုင်ငံခြားငွေစာရင်းတွေ ဖွင့်လှစ်ဆောင်ရွက်ထားတာ မရှိတဲ့အတွက် နိုင်ငံပိုင်ဘဏ်နှစ်ခု အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့ခံရလည်း ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘူးလို့ သတင်းထုတ်ပြန် ထားခဲ့တာပါ။

အရင်ကလည်း အလားတူ အရေးယူပိတ်ဆို့မှုမျိုးတွေ တွေ့ကြုံခဲ့ရပေမဲ့ နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းတွေကို နှောင့်နှေးရပ်တန့်မှုမရှိဘဲ ဆောင်ရွက်ပေးခဲ့နိုင်ခဲ့ပြီးတော့ နိုင် ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို အဆိုပါ နိုင်ငံပိုင်ဘဏ် ၂ ဘဏ်တည်းကပဲ ဆောင်ရွက်နေတာမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ၊ နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲတွေ မှာလည်း ဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဒီသတင်းတွေ ထွက်ပေါ်လာအပြီး မြန်မာပြည်တွင်း ပြင်ပ ဒေါ်လာ အရောင်းအဝယ် ဈေးကွက်မှာ နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်လာခဲ့ကာ အရင်ရက်တွေက အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ကျပ် ၃၀၀၀ အောက်သာ ရှိရာကနေ ၃၀၀၀ ကျော်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013