
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်နဲ့ အနောက်ချောက်ကန် ရွာကြားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်က ၅ ယောက် ထိခိုက်တဲ့ အနက် ၃ ယောက်သေဆုံးပြီး ၂ ယောက်ကတော့ ပခုက္ကူဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရကာ သူတို့လည်း အခြေအနေမကောင်းဘူးလို့ သတင်းကြားကြောင်း ဆိုပါတယ်။
“အဲဒီစစ်ဆေးရေးဂိတ်မှာက စစ်(...)အင်အား ၂၂ ယောက်ရှိပြီး ပျူ(...)တွေနဲ့ဆိုရင် ၃၀ ကျော်လောက်ရှိတယ်။ ခရီးသွားလာတဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပြီး မတရားသဖြင့် ဖမ်းဆီးတာတွေ တောက်လျှောက်ပြုလုပ်နေကြတယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Burmar Revolution Ranger၊ ဇာမဏီ ဒရုန်းတပ်ဖွဲ့၊ CGF (ချောက်)၊ Black Dragon၊ PPDF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။










