DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွား
DVB
·
June 21, 2023
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွား
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းမှာ ဇွန် ၂၀ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ‌ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပဝတ်ကုန်းကျေးရွာကို ကဒဲကျေးရွာနဲ့ မင်းထိန်းကျေးရွာဘက်မှ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းနှစ်ကြောင်း ထိုးလာတဲ့အချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဝင်ရဲဘော်တဦးက “ပဝတ်ကုန်းဘက်ကို စခတွေက စစ်ကြောင်းထိုးလာတာ။ စစ်ကြောင်းထိုးလာချိန်မှာ တိုက်မိုင်းတွေထိပြီး စခဘက်က ထိခိုက်သေဆုံးများပါတယ်။ စခတွေ ထိခိုက်သေဆုံးများတော့ စကစဘက်က တပ်ပြန်ဆုတ်သွားတယ်။ ညနေဘက်ကျမှ စခတပ်တွေက ပြန်လာပစ်တာ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သေဆုံးသူတဦးနဲ့ ဒဏ်ရာရသူတဦးရှိပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပဝတ်ကုန်းရွာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်မှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီရဲ့ နန်းတောင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့သေးတယ်လို့ PRDF အဖွဲ့ကနေ သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှာ PPDF၊ KPDF၊ PRDF၊ KNDO၊ ပူရိယက္ခစစ်ကြောင်းနဲ့ တခြားတော်လှန်ရေးအင်အားစုတွေ ပါဝင်တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဆေးဗိုလ် ၁ ဦး အပါအဝင် တပ်သားအများအပြား သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပြီး‌ နေအိမ် ၃ လုံးခန့် ပျက်စီးခဲ့တယ်လို့ ဘက်မလိုက် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကစပြီး ၂၀ ရက်အထိ ၅ ရက်တာ တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို နှစ်ဖက်ပိတ်ဆို့ကာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေအပြင် အကြိမ်ကြိမ် ဝင်ရောက်စီးနင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က‌ ဆေးဗိုလ် ၁ ဦး အပါအဝင် တပ်သားအများအပြား‌ သေဆုံးခဲ့ပြီး တပ်ဆုတ်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ကော်သူးလေအာမီ ပြောက်ကျားတပ် သတင်းနဲ့ ပြန်ကြားရေးကတော့ “စစ်ကောင်စီတွေက ပြန်ဆုတ်သွားပါပြီ။ ၁၈ ရက်နေ့ကဆို သူတို့တွေ ကွင်းပြင်ဖြတ်တဲ့အချိန် လူနာတွေလား အလောင်းတွေလားတော့ မသိဘူး၊ ထမ်းစင်တွေနဲ့ ထမ်းထုတ်လာတာ အများကြီးပဲ မြင်နေရတယ်။ ၁၉ ရက်နေ့မှာ ဒေသခံတွေဆီက ပြန်ကြားရတာတော့ ရဟတ်ယာဉ် ၁ စီး တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဘက်ကို ဖြတ်ပျံသွားတာ တွေ့လိုက်ရတယ်တဲ့။ သေတဲ့အထဲမှာ အရာရှိ ၁ ဦးတောင် ပါသေးတယ်” လို့ ပြောပါတယ်။

အဆိုပါ ၅ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တာကြောင့်‌ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ဒေသခံပြည်သူ ၄ ဦးခန့်မှာလည်း လက်နက်ကြီးထိမှန်ကာ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဘက်မလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒေသခံတဦးက “ဘန်လင်ရွာမှာ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့သွားသေးတယ်။ အသက် ၆၀ ကျော် ကျန်းမာ‌ရေးမကောင်းတဲ့ အဘွား ၁ ယောက်လည်း လက်နက်ကြီးထိတယ်တဲ့။ နယ်ခံတွေဆီက ကြားရတဲ့ သတင်းအရတော့ ဆုံးသွားပြီလို့လည်း သိရပေမဲ့ အတည်ပြုလို့ မရနိုင်သေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့်‌ ရေပေါ်ရွာက ဘုရားစေတီ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ မိသားစုဝင် ၃ ဦးကိုလည်း စစ်ကောင်စီတပ်ကနေ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အခုချိန်ထိ အဆက်အသွယ် မရသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေကြောင့် ညောင်ပင်ကွင်းရွာ၊ ခြောက်မိုင်ရွာ၊ ဆင်ခေါင်းရွာ၊ ဘန်လောရွာ၊ ဘန်လင်ရွာ၊ သမီးလှရွာ၊ ကော်တောရွာ၊‌ ရေပေါ်ရွာ၊ ဘန်ကြုတ်ရွာ၊ သကျက်ရွာနဲ့ ကျွဲထိန်းကုန်းရွာတို့က ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013