Home
မြန်မာသတင်း
ဖားကန့်ရှိ KIA အုပ်ချုပ်ရေးရုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဒေသခံများအား ဖမ်းဆီး
DVB
·
June 21, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန် ၂၁ ရက် မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးပြီး ဒေသခံ အယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးသွားကြောင်း သိရပါတယ်။

ဆိုင်းတောင်ကျေးရွာ အမှတ် ၃ ရပ်ကွက်က ကချင်လွတ်မြောက်ရေးတပ် (KIA) အုပ်ချုပ်ရေးတိုက်နယ်ရုံးကို မနေ့ညမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းပြီး ဒီနေ့မနက်ပိုင်းမှာ တိုက်နယ်ရုံးကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “KIA အုပ်ချုပ်ရေးရုံးကို စစ်တပ်က ညကတည်းက သေနတ်တွေပစ်ပြီး ဝင်စီးတာ။ ရုံးမှာအိပ်စောင့်တဲ့သူတွေလည်း ဖမ်းသွားတယ်။ အနီးနား ပတ်ဝန်းကျင်ကသူတွေကိုလည်း ဖမ်းသွားတယ်။ အားလုံး အယောက် ၃၀ ‌ကျော်မယ် အဖမ်းခံရတာ။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရုံးကို မီးရှို့သွားတယ်” လို့ ပြောပါတယ်။

KIA တိုက်နယ်ရုံးကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးပြီးနောက် ဆိုင်းတောင် အမှတ် ၃ ရပ်ကွက် ကချင်ကုန်း (ဒေသအခေါ်) မှာရှိတဲ့ KIA နဲ့ ဆက်နွှယ်ပတ်သက်တယ်လို့ ယူဆတဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က လိုက်လံ မီးရှို့ဖျက်ဆီးနေကာ နေအိမ်ဘယ်နှလုံး ဆုံးရှုံးသွားတယ် ဆိုတာကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်ကလည်း ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာက ကချင်ရိုးရာယဉ်ကျေးမှုရုံးမှာ အစည်းအဝေးပြုလုပ်နေတဲ့ ဒေသခံပြည်သူ ၃၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024