
အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ထိန်းချုပ်မှုအောက်မှာ မတရား ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
တောင်ငူထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ ကျန်းမာရေးမကောင်းတာကြောင့် ထောင်ဆေးရုံမှာ ဆီးပိုက်တပ်ထားရသလို ဆေးဝါးကုသမှု ခံယူနေရတယ်လို့သာ သိထားရပြီးတော့ ရောဂါ အကြောင်း အသေးစိတ်ကို မသိရသေးပါဘူး။
သမ္မတ ဦးဝင်းမြင့်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီကစွပ်စွဲခဲ့တဲ့ အမှုပေါင်းရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပါတယ်။
NUG အစိုးရ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဒေါက်တာ ဆာဆာကတော့ အကျဉ်းထောင်တွင်း သမ္မတဦးဝင်းမြင့် ကျန်းမာရေး ကျဆင်းလာရခြင်းအတွက် တာဝန်အရှိဆုံးကတော့ လူမျိုးတုံး သတ်ဖြတ် မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေသာ ဖြစ်ပြီး ပြည်သူတွအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် သူတို့ တာဝန်ယူရမှာဖြစ်ကာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတကို ထောင်ချတာဟာ မတရားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၇ လတာ ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် အပြစ်မဲ့ပြည်သူ ၂၃,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်တွေ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၄,၀၀၀ ကျော် သေဆုံးခဲ့ကာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် နေအိမ်အလုံး ၆၇,၀၀၀ ထက်မနည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက်လည်း တာဝန်ခံရမယ်လို့ ဆိုပါတယ်။
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ဖို့ တောင်ငူထောင် အာဏာပိုင်တွေကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားချိန်အတွင်း အကြောင်းမဲ့ သတ်ဖြတ် ခံရသူ ၃,၈၁၈ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ NLD လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်အပါအဝင် ပါတီဝင် ၉၃ ယောက် ပါဝင်တယ်လို့ NLD ပါတီကလည်း ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။