
အမေရိကန်အခြေစိုက်ဘဏ်တွေနဲ့ အမေရိကန်ဘဏ်တွေရဲ့ ဘဏ်ခွဲတွေမှာ နိုင်ငံပိုင်ဘဏ်တွေရဲ့ နိုင်ငံခြားငွေစာရင်းတွေ ဖွင့်လှစ်ဆောင်ရွက်ထားတာ မရှိတဲ့အတွက် နိုင်ငံပိုင်ဘဏ်နှစ်ခု အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့ခံရလည်း ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံက စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်းမှာ ထည့်သွင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလို ထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက တဖက်သတ် စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့်ချမှတ်နေတာဖြစ်ကြောင်း၊ အမေရိကန်ဘဏ်မှာ အကောင့်ဖွင့်ထားတာမရှိလို့ နိုင်ငံပိုင်ဘဏ်နှစ်ခု ပိတ်ဆို့ခံရလည်း ငွေကြေးဆုံးရှုံးမှု မရှိနိုင်ကြောင်း၊ နိုင်ငံခြားငွေနဲ့ ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုတွေကို စနစ်တကျ ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရင်ကလည်း အလားတူ အရေးယူပိတ်ဆို့မှုမျိုးတွေ တွေ့ကြုံခဲ့ရပေမဲ့ နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းတွေကို နှောင့်နှေးရပ်တန့်မှုမရှိဘဲ ဆောင်ရွက်ပေးခဲ့နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို နိုင်ငံပိုင်ဘဏ် ၂ ဘဏ်တည်းကပဲ ဆောင်ရွက်နေတာမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ၊ နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲတွေမှာလည်း ဆောင်ရွက်ပေးနေတာလို့ဆိုပါတယ်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနဲ့ ဗဟိုဘဏ်တို့က သတ်မှတ်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နိုင်ငံခြားသုံးငွေ လွှဲပြောင်း၊ ပေးပို့၊ လက်ခံတဲ့ကိစ္စရပ်တွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခ၊ လစာလွှဲပို့ခြင်း ကိစ္စရပ်တွေအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာဖြစ်လို့ စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံယုံကြည်ကြည် ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။
ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာလည်း အဲဒီလို တသံတည်းထွက်ပြီး ပိတ်ဆို့မှုလုပ်လာရင်လည်း ပူစရာမလိုကြောင်း၊ မြန်မာနိုင်ငံဘဏ်တွေ အနေနဲ့ အမေရိကန်ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်ထားတာမရှိလို့ MFTB နဲ့ MICB ကို ပိတ်ဆို့မယ်ဆိုရင်လည်း မရောင်ရာဆီလူးတာဖြစ်ကြောင်း၊ အခုဆိုရင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ BRICS လိုမျိုး စီးပွားရေးအဖွဲ့တွေကို ဝင်ဖို့ နိုင်ငံတွေ တန်းစီနေကြပြီဖြစ်တာကြောင့် ဒေါ်လာအကြောင်းပြု အနိုင်ကျင့်တာတွေ နိဂုံးချုပ်မယ့်ကာလ နီးလာပြီဖြစ်ကြောင်း ရေးသားထားပါတယ်။
စစ်ကောင်စီက စိတ်ပူစရာမရှိဘူးလို့ ပြောနေပေမဲ့ လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်အတွင်းမှာတော့ အမေရိကန်နိုင်ငံက စစ်ကောင်စီ လက်အောက်ခံ ဘဏ်နှစ်ခုကို စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ သတင်းထွက်လာရုံနဲ့တင် အမေရိကန်ဒေါ်လာစျေးက တဒေါ်လာကို မြန်မာငွေ ကျပ် ၃,၀၀၀ ကျော်အထိ ထိုးတက်သွားပါတယ်။











