DVB Logo
Home
မြန်မာသတင်း
အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေး ကွယ်လွန်
DVB
·
June 21, 2023
အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေး ကွယ်လွန်
Donate to DVB

စာရေးဆရာ၊ သတင်းစာဆရာ လူထုဦးလှနဲ့ ဆရာမကြီး လူထုဒေါ်အမာတို့ရဲ့သားဖြစ်သူ စာရေးဆရာ၊ အမျိုးသားစာပေဆုရှင် ညီပုလေးဟာ ဇွန်လ ၂၁ ရက် ဒီနေ့မနက်က   နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သူနဲ့  နီးစပ်သူတွေဆီက သိရပါတယ်။

စာရေးဆရာ ညီပုလေးနဲ့ နီးစပ်သူတဦးက “နှလုံးရောဂါနဲ့ ရုတ်တရက် ဒီမနက်မှာ ဆုံးပါးသွားခဲ့တာပါ။ တကယ်နှမြောတသဖြစ်ရပါတယ်” လို့ ပြောပါတယ်။

ဆရာညီပုလေးကို ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဆရာညီပုလေးရဲ့ အမည်ရင်းက ငြိမ်းချမ်း (ခ) ဘိုညိုဖြစ်ပြီး မွေးချင်းထဲမှာ အငယ်ဆုံးဖြစ်လို့ ညီပုလေး ကလောင် ယူခဲ့တာလို့ သိရပါတယ်။ ငယ်စဥ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းမှာ မူလတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်အောင်မြင်ခဲ့ပြီး မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကနေ သိပ္ပံဘွဲ့၊ ဘူမိဗေဒဘာသာရပ် အထူးပြုနဲ့ ရယူခဲ့ပါတယ်။

၁၉၇၈ ခုနှစ် သြဂုတ်မှာ သူ့ရဲ့အစ်ကိုဖြစ်သူ ကိုကိုးကျွန်းပြန် ရဲဘော်ဖိုးသံချောင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားစွပ်စွဲချက်နဲ့ မိဘနှစ်ပါးဖြစ်တဲ့ လူထုဦးလှ၊ လူထုဒေါ်အမာတို့နဲ့ အတူ မန္တလေးထောင်မှာ ၇ လလောက် ထိန်းသိမ်းခံခဲ့ရပါတယ်။

၁၉၈၅ ခုနှစ်မှာ လျက်ဆားတတို့ဝတ္ထုကို စံပယ်ဖြူမဂ္ဂဇင်းမှာ ဖော်ပြခံရပြီး စာပေလောကထဲကို စတင်ရောက်ရှိခဲ့ကာ ၁၉၈၉ ခုနှစ်မှာ ဆရာညီပုလေးနဲ့ သူငယ်ချင်းတစုပေါင်းပြီး ထီးပေါင်းကားစာအုပ်တိုက်ကို မန္တလေ းလက်ဆည်ကန်ရပ်မှာ တည်ထောင်ခဲ့ပါတယ်။

ဆရာညီပုလေးရဲ့ ညီပုလေးဝတ္ထုတိုများ၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ တကြောင်းဆွဲ ကလေးပန်းချီနဲ့ အခြားဝတ္ထုတိုများ၊ လူအအိပ်မက် ဝတ္ထုတိုများနဲ့ လီဒို ဟူးကောင်း ခရီးသွားဆောင်းပါး၊ မြေးသူကြီးဝတ္ထု၊ ငြိမ်သက်တမိနစ်နဲ့ အခြားဝတ္ထုတိုများက ဆရာ့ညီပုလေးရဲ့ လက်ရာအဖြစ် ထင်ရှားပါတယ်။

၂ဝဝ၆ ခုနှစ် မန္တလေးတိုင်း၊ မိုးကုတ်မြို့က သဟာယစာကြည့်တိုက်ရဲ့ ပထမဆုံးစာပေဆုကို ငြိမ်သက်တမိနစ်နဲ့ အခြားဝတ္ထုတိုများစာအုပ်က ရရှိခဲ့ပါသေးတယ်။

ဆရာညီပုလေးဟာ ၂ဝ၁၆ ခုနှစ်မှာ ထက်မြက်သောဓားသွားပေါ်က ချိုမြမြပျားရည်စက် စာအုပ်နဲ့ အမျိုးသားစာပေဆုကို ရရှိခဲ့ပါတယ်။

မန္တလေးမြို့မှာနေထိုင်ပြီး ဘဝကို စာပေရေးသားခြင်းနဲ့ ကုန်ဆုံးခဲ့တဲ့ ဆရာညီပုလေးဟာ မကြာသေးမီကာလကပဲ နှလုံးရောဂါကို ခွဲစိတ်ကုသမှုခံယူ အောင်မြင်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ နှလုံးရောဂါနဲ့ပဲ ရုတ်တရက် ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

ဆရာညီပုလေး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး စာပေတိုက်တွေနဲ့ စာရေးဆရာတွေ အပါအဝင်  စာပေအသိုက်အဝန်းက အလွန်ဝမ်းနည်းကြေကွဲ နှမြောတသဖြစ်ရတဲ့အကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြနေကြပါတယ်။

ဆရာညီပုလေးရဲ့ နာရေးကိစ္စတွေကို ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)  စီစဉ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013