DVB Logo
Home
Lead Story
တရားဥပဒေ ရှိသည် ဆိုသော်လည်း
DVB
·
June 21, 2023
တရားဥပဒေ ရှိသည် ဆိုသော်လည်း
Donate to DVB

ဥပဒေဆိုသောအရာ၏ ရှေ့မှောက်တွင် တံခါးစောင့်တယောက်ရှိ၏။ ‌တနေ့ ထိုတံခါးစောင့်ထံသို့ ရပ်ဝေးမှ လူတယောက် ရောက်ရှိလာသည်။ ဥပဒေထံပါး ဝင်ရောက်ခွင့်ရဖို့ တံခါးစောင့်ကို သူ ခွင့်တောင်းသည်။ အစောင့်က လောလောဆယ်တော့ ဝင်ခွင့်မပြုနိုင်ကြောင်း ဖြေလိုက်၏။

ထိုလူသည် ခေတ္တမျှစဥ်းစားပြီးမှ အစောင့်ကို “ခဏ နေကျရင်ရော အထဲကို ဝင်လို့ရမလားခင်ဗျ” ဟု မေးသည်။

တံခါးစောင့်က “ဖြစ်နိုင်ပါတယ်၊ အခုတော့မရဘူး” ဟု ပြန်ဖြေ၏။

တံခါးပေါက်သည် ခါတိုင်းလို ပွင့်နေသည်။ တံခါးစောင့်မှာလည်း ခါတိုင်းလိုပင် တံခါးပေါက်နား ဟိုသည် လမ်းလျှောက်ရင်း ဥပဒေကို စောင့်ကြပ်နေ၏။ ထိုအခိုက် ထိုလူသည် ခါးကိုကုန်းကာ ဟနေသော ဂိတ်ပေါက်မှတဆင့် အထဲတွင် ဘာရှိကြောင်း ဝင်ကြည့်ဖို့ ကြိုးစားသည်။ ဒါကို တံခါးစောင့်သိသွား၏။ ထိုအခါ တံခါးစောင့်က “ကျုပ်တားထားရဲ့သားနဲ့ လုပ်ရဲရင် ခင်ဗျားလုပ်ကြည့်လိုက်လေ” ဟု ဟားတိုက်ရယ်မောရင်းပြော၏။ “ခင်ဗျားမှတ်ထား၊ ကျုပ်က အာဏာရှိတယ်၊ ဒါတောင် ကျုပ်က အောက်ခြေက တံခါးစောင့်အဆင့်ပဲ ရှိသေးတာ” ဟုလည်း ခြိမ်း‌ခြောက်ပြန်သည်။

ထိုလူမှာ ဒီလိုအခက်အခဲတွေ ကြုံရလိမ့်မယ်လို့ တခါမှမတွေးစဘူး။ ဥပဒေဆိုတာ လူတိုင်း လက်လှမ်းမီ ချဥ်းကပ်နိုင်သောအရာ၊ လူတိုင်း ဝင်ရောက်ခွင့်ရှိသည့်အရာဟု သူတွေးထင်ထားခဲ့သည်။ ယခုတော့ နှာတံချွန်ချွန်၊ တာတာမုတ်ဆိတ်မွှေးနှင့် သိုး‌မွေးအင်္ကျီ ဝတ်ဆင်ထားသော တံခါးစောင့်ကို အနီးကပ်ကြည့်ရင်း ဆုံးဖြတ်ချက်တခု သူ ချလိုက်သည်။ အထဲကို ဝင်ခွင့်မပြုသရွေ့ ဒီဂိတ်ပေါက်နားက ခြေတဖဝါးမှမခွာတော့ ဟူသတတ်။

ထိုလူတယောက် အထဲသို့ ဝင်ခွင့်ရမည့်အချိန်ကို ထိုင်စောင့်ရင်း ရက်၊ လ၊ နှစ်တို့ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ အထဲကို ဝင်ခွင့်ရအောင် အမျိုးမျိုး သူ ကြိုးစားခဲ့ပြီ။ တံခါးစောင့်ကိုလည်း တောင်းပန်တိုးလျှိုးသည့် နည်းအမျိုးမျိုးဖြင့် စိတ်ရှုပ်အောင် လုပ်ဆောင်ခဲ့ပြီးပြီ။ တံခါးစောင့်က ထိုလူ၏ မွေးရပ်ဇာတိနှင့် အခြားကိစ္စများကိုသာ မေးမြန်း၏။ တံခါး‌စောင့်၏ မေးခွန်းအားလုံးမှာ ဘာမှဆက်စပ်မှုမရှိ။ ထိုသို့ မေးခွန်းတွေ မေးချင်ရာမေးပြီးနောက် အဆုံးသတ်တိုင်း “အခုထိ မင်းကို ငါ အထဲကို ဝင်ခွင့်ပြုလို့မရသေးဘူး” ဟုလည်း ပြောလေ့ရှိ၏။ 

ထိုလူမှာ တံခါးစောင့်၏ ခွင့်ပြုချက် ရစေဖို့ဆိုကာ သူ့တွင်ပါလာသမျှ အကုန်ပေးသည်။ ဘယ်လောက်ပဲ အဖိုးတန်ပါစေ၊ သူ ဂရုမစိုက်။ အထဲကို ဝင်ခွင့်ရဖို့သာ သူ့အတွက် အရေးကြီးသည်။ တံခါးစောင့်ကလည်း ထိုလူပေးသမျှ အကုန်ယူသည်။ ယူတိုင်းလည်း “ကျုပ် အခုလိုယူရတာက ခင်ဗျားအနေနဲ့ ဘာတခုမှ လုပ်ကိုင်ရ အဆင်မပြောဘူးဆိုပြီး တွေးနေမှာမို့လို့နော်” ဟု မကြာခဏ ထည့်ပြောလေ့ရှိသည်။ ဤအတောအတွင်း ထိုလူသည် တံခါးစောင့်ပြောသမျှ တသွေမတိမ်း လိုက်လုပ်ခဲ့သည်။ အခြားတံခါးစောင့်များကိုတောင် မေ့လို့နေပြီ။ ဒီတံခါးစောင့်တယောက်ဟာ သူ့အတွက် အတားအဆီး ဖြစ်နေချေပြီလော။

သူ၏ ကံမကောင်း အကြောင်းမလှသည့် အခြေအနေကို တွေးရင်း ကျိန်ဆဲနေမိတော့သည်။ အစောပိုင်းကာလများမှာတော့ အမှုမဲ့အမှတ်မဲ့ပင် ဖြစ်သည်။ တ‌ဖြည်းဖြည်း အသက်အရွယ် အိုမင်းလာတဲ့အခါမှာ သူ့ကိုယ်သူ မပီမသပြောသည်။ သူသည် အသက်အရွယ်ရလာတာနဲ့အမျှ ကလေးဆန်လာသည်။ တံခါးစောင့်ကိုလည်း အချိန်ယူကာ လေ့လာအကဲခတ်ပြီးပြီလည်း ဖြစ်သည်။

သူ့သိုး‌မွေးကော်လာထဲတွင်ပင် သန်းတွေရှိနေပြီဖြစ်ကြောင်း သူ သတိထားမိလာသည်။ အဲ့ဒီသန်းတွေကိုပင် “တံခါးစောင့်ကို မင်းတို့ စည်းရုံးပေးနိုင်မလား” ဆိုကာ မေးရင် မေးတတ်လာသည်။ နောက်ဆုံးမှာတော့ ထိုလူတွင် အမြင်အာရုံတွေ ချို့တဲ့လာ၏။ သူ့မျက်လုံးတွေကပဲ လှည့်စားနေတာလား၊ အရာဝတ္ထုတွေက တကယ်ပဲ မှောင်မည်းလာတာလား သူ မဝေခွဲတတ်တော့။

ယခုခါမှာတော့ ဥပဒေဆီသွားရာ ဂိတ်တံခါးမှတဆင့် ပေါ်ထွန်းလာသော ထာဝရ အလင်းရောင်တခုကို အမှောင်ထဲကနေ သူ သတိပြုလိုက်မိချေပြီ။ ထိုအချိန်တွင် သူ့၌ ဆက်လက်ရှင်သန်ဖို့ အချိန်များများမရှိတော့။ ဤဂိတ်ပေါက်တွင် စောင့်ဆိုင်းရင်း ကြုံတွေ့ခဲ့ရသော သူ့အတွေ့အကြုံတွေကို ပေါင်းရုံးသုံးသပ်ကာ မေးခွန်းတခုအဖြစ် သူမသေခင်ကလေးတွင် တံခါးစောင့်ကို မေးဖြစ်အောင် မေးမည်ဟု ဆုံးဖြတ်လိုက်သည်။ သူသည် တံခါးစောင့်အား လက်ဝှေ့ယမ်းပြလိုက်၏။ သူ့ဝန်၊ သူ့ခန္ဓာကိုလည်း မသယ်နိုင်တော့ပြီမို့ တံခါးစောင့်ကို လက်လှမ်းပြကာ ခေါ်လိုက်ရခြင်းဖြစ်သည်။တံခါးစောင့်ရောက်လာသည်။ ပြီးတော့ သူ၏ခါးကိုကိုင်းကာ “ခင်ဗျားဘဝ နေဝင်ချိန် ရောက်နေတာတောင် ခင်ဗျားက ဘာတွေထပ်သိချင်သေးတာတုန်း” ဟု သူ့ကို မေးလိုက်၏။ “ခင်ဗျားဟာ သေခါနီးအချိန်အထိ စိတ်ကျေနပ်မှု မရနိုင်သေးပါလား” ဟုလည်း ပြောလိုက်သေးသည်။

“ပြောတော့ လူတိုင်းဟာ ဥပဒေဆီ ဝင်ခွင့်ရဖို့ ကြိုးပမ်းနေကြတာဆိုဗျ။ ဒါပေမဲ့ ဒီကုန်ဆုံးခဲ့တဲ့ နှစ်တွေအတွင်း ကျုပ်ကလွဲလို့ ဘယ်သူမှ ဝင်ခွင့်ရဖို့ ကြိုးပမ်းတာကို ကျုပ်မတွေ့ရဘူး။ အဲ့ဒါ ဘာကြောင့်လဲ တံခါးစောင့်ကြီး။”

တံခါးစောင့်သည် ထိုလူသေတော့မည်ကို သိနေပြီ။ ထို့နောက် ထိုလူ၏အမေးကို ဖြေရာတွင် ထိုလူကြားစေနိုင်ရန် ခပ်ကျယ်ကျယ်ကလေး အော်ပြောလိုက်သည်။ “ဒီနေရာကို ဘယ်သူမှ ဝင်လို့မရဘူး။ ဒီဂိတ်တံခါးဟာ ခင်ဗျားတယောက်တည်းနဲ့ပဲ ဆိုင်တယ်။ ကဲ..... ပြောနေ ...ကြာတယ်။ အခုပဲ ကျုပ် ဂိတ်တံခါးကို ပိတ်လိုက်တော့မယ်။”

နွေဦးဇင်

(Franz Kafka ၏ Before the law ဝတ္ထုတိုအား ဘာသာပြန်ဆိုသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013