
မကွေးတိုင်း ယောဒေသ၊ ဆောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတယောက်ကို သေဒဏ် ချမှတ်လိုက်တယ်လို့ ယောဒေသအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြပါတယ်။
တရားခံ မင်းမင်းစိုးကို ဖမ်းဆီးပြီး ၅ လကြာ စစ်ဆေးပြီးတဲ့နောက်မှာ ဧပြီ ၂ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဆောမြို့နယ်တရားရုံးက သက်ငယ်မုဒိမ်း၊ လူသတ်၊ အလောင်းဖျောက်မှု ကျူးလွန်ခဲ့သူမှုတွေအတွက် သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဆောမြို့နယ်နေ ဒေသခံတယောက်က “တရားခံကို အယူခံဝင်ခွင့် တရားရုံးက ခွင့်ပြုပေမဲ့ တရားခံကိုယ်တိုင်က အယူခံမတက်တော့ဘူးလို့ ကြားရပါတယ်။ သေဒဏ်ပေးဖို့ကိုတော့ NUG ပြည်ထောင်စုတရားရုံးရဲ့ အမိန့်ကို စောင့်ဆိုင်းဆဲလို့ ကြားသိရပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်မှာ ဆောမြို့နယ်အတွင်းမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုး ဆိုသူက အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီးတဲ့နောက် အလောင်းကို ဆောမြို့ဆေးရုံဝင်းထဲက အခန်းတခုမှာ စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။
နစ်နာသူ မိသားစုဝင်တွေနဲ့ မြို့နေပြည်သူလူထုကလည်း ကျူးလွန်ခဲ့သူကို ပြည်သူအရှေ့မှာ သေဒဏ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာနဲ့ လက်မှတ်ထိုးကမ်ပိန်းတွေ ပြုလုပ်တောင်းဆိုခဲ့ပါတယ်။
ဒီလို သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ တရားခံကို သေဒဏ်ပေးနိုင်တာဟာ NUG ရဲ့ တရားစီရင်ရေးဌာနအတွက် အရွေ့တခု ဖြစ်တယ်လို့လည်း တရားရေးကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။











