Home
မြန်မာသတင်း
မတ္တရာ၊ မြင်းခြံ၊ ပုလဲနှင့် မုံရွာမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
June 21, 2023

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ကြပ်ပြင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်သားတွေကို  ဇွန် ၂၀ ရက်က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေး မန္တလေးက သိရပါတယ်။ 

မတ္တရာမြို့နယ် ရုံးပင်ကျေးရွာကနေ ကြပ်ပြင်ရွာကို တပ်ရွှေ့လာတဲ့ စစ်ကောင်စီတပ်စစ်သား ၄၀ ဝန်းကျင်ကို စနိုက်ပါနဲ့ ၃ ချက်ပစ်ခတ်ရာမှာ ၂ ယောက်သေဆုံးခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေး မန္တလေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

"တပ်ရွှေ့လာတဲ့ စစ်သားတွေကို စနိုက်ပါနဲ့စောင့်ပစ်တာ။ သူတို့ကနေရာမသိဘူး၊ ရမ်းပစ်တယ်။ အဖွဲ့အတွက်က လက်နက်ခဲယမ်း လိုအပ်မှုတွေ ရှိနေတယ်။" 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကို ဇွန် ၁၉ ရက်နေ့ ည ၈ နာရီခွဲအချိန်က တာဝေးပစ် ရှော့တိုက်ဒုံး ၄လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂ Pale Jokers PDF က ဗိုလ်ပုလဲက ပြောပါတယ်။ 

“သူတို့ ဒီဘက်မှာ ဇွန် ၁၂ လောက်ကတည်းက ရွာစဥ်ပတ် ရိက္ခာရှာထွက်တဲ့ သဘောစစ်ကြောင်း ထိုးနေတာရှိတယ်။ တွေ့တဲ့ပစ္စည်းတော့ ယူတာပေါ့၊ ဝက်တွေ ဘာတွေ သတ်ယူသွားကြတာမျိုးလည်း ရှိတယ်။” 

ဇီးဖြူကုန်းရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျုစောထီးတွေရဲ့ နေရာတွေကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကိုထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက်စစ်ပုံအမြောက်တပ်စခန်းကို ဇွန် ၁၈ ရက်နေ့ ညနေ ၅နာရီ ၃၅ မိနစ်လောက်က ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း) က သိရပါတယ်။ 

ကျောက်စစ်ပုံ အမြောက်တပ်စခန်းက အရာရှိအဆောင်နဲ့ လက်နက်ထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး ၅ လုံး နှစ်ကြိမ်ချတိုက်ခိုက်ခဲ့တာလို့ ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။ 

“သူတို့ အရာရှိအဆောင်ထဲကျတော့ နှစ်ပွင့်ဗိုလ်တဦးကျတယ်လို့ သိရတယ်။ ကျနော်တို့ ထပ်ပစ်မယ် အထင်နဲ့ သူတို့ ဘန်ကာတွေထဲဝင်ပြီး စောင့်ကြသေးတယ်။ ကျနော်တို့က နောက် မိနစ် ၂၀ လောက်ခြားပြီး အဲ့နေရာတွေထပ်ချတော့ ရှင်းလင်းရေးလုပ်နေတဲ့သူတို့တွေ အများကြီး ထိခိုက်တယ်။”

ကျောက်စစ်ပုံအမြောက်တပ်စခန်း ဗုံးချခံရတာကြောင့် နှစ်ပွင့်ဗိုလ် ၁ ဦးအပါအဝင် အရာရှိ ၃ ဦး သေဆုံးပြီး ၅ ဦးထပ်မနည်း ဒဏ်ရာအပြင်းအထန်ရတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်ခဲ့ပြီး ဒရုန်းပစ်ချတဲ့ ကိရိယာကြောင့် မှတ်တမ်းတင်တဲ့ ဒရုန်းတစီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျောက်စစ်ပုံအမြောက်တပ်စခန်း ဗုံးချခံရတာကြောင့် အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သလို လူနာတင်ကား ဝင်ထွက်များတယ်လို့ သိရပြီး စစ်ကောင်စီတပ်က အနီးအနား ဒေသခံတွေကိုလည်း ရှောင်ခိုင်းထားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်က လင်ကြီးစက်လှေဆိပ်ကမ်းမှာ အင်အား ၂၅ ဦးလောက်ပါ စစ်ကောင်စီ ကမ်းထိုးယာဥ်ကို မီတာ ၆ဝ အကွာလောက်ကနေ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ထပ်မနည်း သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဇွန် ၁၈ ရက်နေ့ မနက် ၈ နာရီလောက်က စတင်ကာ ပြည်သူ့ကာကွယ်ရေးတ် မြင်းခြံခရိုင်တပ်ရင်း ၃ နဲ့ ပူးပေါင်းတပ်တွေက လင်ကြီးဆိပ်ကမ်းမှာ ကတုတ်ကျင်းအခိုင်အမာတူးကာ တပ်ဖျောက်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်း ၃ ပြောရေးဆိုခွင့်ရှိ ရဲဘော်တဦးက DVB ကို ပြောပါတယ်။

“လင်ကြီးဆိပ်က မြင်းခြံနယ်ထဲက ဧရာဝတီမြစ်ဘေးမှာ တည်ရှိတဲ့ရွာနားမှာပါ။ ကျနော်တို့ ရေယာဥ်ကို တိုက်ခိုက်ဖို့ မနက် ၈ နာရီလောက်ကတည်းက ကတုတ်ကျင်းတူးပြီး အပျောက်ဝပ်ပြီး စောင့်နေခဲ့တာပါဗျ၊ ၇ နာရီခွဲလောက်မှာ (-) ရေယာဥ်က အထက်ကို ဆန်တက်သွားပြီးတော့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်ရေယာဥ်က ကျနော်တို့နဲ့ မိတာ ၆၀ အကွာ ဖြတ်ချိန် ကျနော်တို့ဘက်က လက်နက်ကြီး စတင်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ဆက်လက်ပစ်ခတ်ခဲ့တာပါ။ ကျနော်တို့ ဒီထက်မက စစ်ရေးရည်မှန်းချက်ထားပေမဲ့ သာလွန်လက်နက်မရှိလို့ နောက်ဆုံးအတွင်းသတင်းအရ စစ်သား ၁၀ ဦးကို ငရဲပို့နိုင်ခဲ့ပါတယ်ဗျ။"

စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင် တပ်ရင်း ၃ နဲ့အတူ Burmese Guerilla Force-BGF၊ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့၊ အမေ့လက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ မြင်းခြံခရိုင် တပ်ရင်း ၃ က ဆက်လက်တိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် လက်နက်ခဲယမ်း အားနည်းနေပြီး ဒီမစ်ရှင်တပွဲတည်းကို မဟာမိတ်အဖွဲ့တွေမပါပဲ မြင်းခြံတပ်ရင်း၃ တရင်းတည်း အကုန်အကျများပြားခဲ့တဲ့အတွက် ထောက်ပံ့မှု အရေးပေါ်လိုအပ်နေတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024