



ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုမှာ မစ်ရှင်လုပ်ရင်း ပြည်သူတွေ ထိခိုက်မှာစိုးလို့ ဗုံးကိုပြန်ယူခဲ့တဲ့ ရဲဘော် ကပ္ပလီဟာ ဗုံးပေါက်ကွဲကာ ဆိုင်ကယ်နှစ်ခြမ်းကွဲပြီး တစ်ကိုယ်လုံးမီး လောင်ကျွမ်းသွားခဲ့ပါတယ်။
သူနဲ့အတူ မစ်ရှင်လုပ်ဖို့လိုက်လာတဲ့ ရဲဘော်က သေဆုံးပြီထင်ကာ ထားခဲ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးသွားခဲ့ပါတယ်။
ပေါက်ကွဲပြီးနောက် ထပ်မံလာကြည့်တဲ့ မစ်ရှင်အတူလုပ်တဲ့ ရဲဘော်တယောက်က သူ မသေသေးတာတွေ့လို့ တရွတ်တိုက် ဆွဲခေါ်လာခဲ့ပါတယ်။



ဆွဲခေါ်လာစဉ် လက်မောင်းအရေပြားတွေ ဓားနဲ့ ခြစ်ထုတ်လှီးထားသလို လက်ကောက်ဝတ်မှာ ပုံနေပြီး လူမှာ မခံရပ်နိုင်အောင် နာကျင်ခဲ့ပေမဲ့ အသံထွက်မအော်ပဲ မစ်ရှင်ပြုလုပ်ရာနေရာကနေ ဘေးလွတ်ရာသို့ ဒဏ်ရာတွေနဲ့ လွတ်မြောက်အောင် ပြေးခဲ့ရပါတယ်။
လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ရေလောင်းပေးဖို့ အကူအညီတောင်းခံခဲ့ပေမဲ့ အကူအညီမရခဲ့ပါဘူး။ ထွက်ပြေးတိမ်းရှောင်ရင်း ရေကန်တစ်ခုထဲသို့ ပြုတ်ကျကာ မီးလောင်ကျွမ်းတဲ့ အနာတွေအတွက် အနည်းငယ်သက်သာခဲ့ပါတယ်။ ရန်ကုန်မှာ မီးလောင်ဒဏ်ရာကို ဆရာဝန်တချို့က ကုသပေးပေမဲ့ လုံခြုံရေးအခြေအနေကြောင့် ရန်ကုန်မြို့ နေရာမျိုးစုံသို့ ခဏခဏပြောင်းရွှေ့ကာ ၈ လကျော် တိမ်းရှောင်ခဲ့ရပါတယ်။
နာကျင်လွန်းလို့ နာတဲ့အဆင့်ကနေ ထုံတဲ့အဆင့် ရောက်လာခဲ့ပေမဲ့ ဒဏ်ရာရတဲ့ အချိန်ကနေ ခုအချိန်အထိ မီးလောင်ထားတဲ့ဒဏ်ရာတွေကို ဆေးလိမ်းပေး၊ ရေချိုး ထမင်းစား ပြုစုပေးတဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် ရဲဘော်သူငယ်ချင်းတစ်ဦး ရှိခဲ့ပါတယ်။





သူငယ်ချင်းက ၈ လကျော် ဘေးနားမှာ ဒဏ်ရာတွေ ပြုစုပေးသလို အားနည်းချိန် အားငယ်ချိန်တွေမှာလည်း သူ့ကို အားပေးခဲ့ပါတယ်။ ပုန်းလျှိုးကွယ်လျှိုး နေထိုင်ကာ နေရာပေါင်းစုံကို ထွက်ပြေးတိမ်းရှောင်တဲ့အချိန်မှာလည်း သူနဲ့အတူ ထွက်ပြေးခဲ့သလို ယနေ့အချိန်ထိ ရပ်တည်ပေးနေဆဲ ဖြစ်ပါတယ်။
ရဲဘော် ကပ္ပလီဟာ လက်နက်ကိုင်တော်လှန်ရေးကို ပြုလုပ်ဖို့ ၂၀၂၁ ခုနှစ်မှာ အစောဆုံး တောထဲသို့သွားရောက်ကာ စစ်သင်တန်းတက်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
မီးလောင်ဒဏ်ရာတွေ ကုသဖို့ အခုအချိန်မှာတော့ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပြီး ဒဏ်ရာကို ဆေးကုသ ခွဲစိတ်ဖို့ အကူအညီတွေ လိုအပ်နေသလို လက်တွေ ပြန်ကောင်းလာတဲ့အခါ တော်လှန်ရေးမှာ ပြန်လည်လုပ်ကိုင်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။
Photo- JPaing / MPA










