DVB Logo
Home
မြန်မာသတင်း
ထားဝယ်သပိတ်ကော်မတီဝင်၏ ဖခင်ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး 
DVB
·
June 20, 2023
ထားဝယ်သပိတ်ကော်မတီဝင်၏ ဖခင်ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး 
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြင်ထိန်းကျေးရွာမှာ ဇွန် ၁၉ ရက် နေ့လယ်ပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ကော်မတီဝင်တဦးဖြစ်တဲ့ ကိုမင်းလွင်ဦးရဲ့ မိဘတွေနေထိုင်ရာ နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ရှာဖွေပြီး ဖခင်ဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သပိတ်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

လာရောက်ရှာဖွေဖမ်းဆီးရာမှာ စစ်ကောင်စီတပ်က ကား ၄ စီး အင်အား ၃၀ ခန့်နှင့်အတူ NON CDM ဝန်ထမ်းတဦး ပါဝင်တယ်လို့ သိရပြီး ကိုမင်းလွင်ဦးရဲ့ မိဘနေအိမ်အပြင် အိမ်နီးချင်း အိမ်တလုံးကိုပါ ရှာဖွေခဲ့ပြီး ကိုမင်းလွင်ဦးရဲ့ ဖခင်နဲ့အတူ နောက်ထပ်ရှာဖွေခဲ့တဲ့အိမ်က အမျိုးသားတဦးကိုပါ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးသွားပြီးနောက် လောင်းလုံးမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကနဦး သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေပြီးနောက် ဖုန်း ၂ လုံးနဲ့ ငွေသား ၈ သိန်းကျော်ကို ယူဆောင်သွားတဲ့အပြင် ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ နှင်းဆီရောင်သပိတ်လှုပ်ရှားမှု အင်္ကျီတထည်ကိုပါ သိမ်းဆည်းသွားခဲ့တယ်လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။

ကိုမင်းလွင်ဦးဟာ အိမ်ထောင်ကျပြီးနောက် ၂၀၁၈ ခုနှစ်လောက်ကတည်းက မိဘတွေနေအိမ်မှာ ရံဖန်ရံခါ လာရောက်နေထိုင်တာကလွဲပြီး အမြဲ မနေထိုင်တော့ဘဲ သီးသန့်နေထိုင်တယ်လို့ သိရပါတယ်။

“ဘာမှမဆိုင်တဲ့ လူတယောက်ကို သက်သက်မဲ့ လုပ်ချင်သလို လုပ်လို့ရလို့ အခုလို လုပ်တာလို့ပဲ မြင်တယ်” လို့ ကိုမင်းလွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ကိုမင်းလွင်ဦးရဲ့ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်က ၄ ရက်ကြာ ဖမ်းဆီးခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့ပါတယ်။

လောင်းလုံးမြို့နယ်ဟာ ဒီနေ့အထိ အားကောင်းနေဆဲဖြစ်တဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်လှုပ်ရှားနေတဲ့ ကိုမင်းလွင်ဦးကို သတင်းပေးပါက ငွေကျပ် သိန်း ၃၀၀ ချီးမြှင့်မယ်လို့ စစ်ကောင်စီရဲ့ ခရိုင်လုံခြုံရေးနဲ့ အေးချမ်းတည်ငြိမ်မှု ဖော်ဆော်ရေး ကော်မတီက အခုနှစ် ဧပြီလမှာ ဆုငွေထုတ်ထားပါတယ်။

အကြမ်းမဖက် လူထုလှုပ်ရှားမှုကိုသာ အစဉ်တစိုက် ဦးဆောင်လာခဲ့သူတဦးကို မမိတဲ့အတွက် ဖခင်ဖြစ်သူကို ဓားစာခံအနေနဲ့ အခုလို ဖမ်းဆီးတာဟာ စစ်ကောင်စီတပ်ရဲ့ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ကြောင်း သပိတ်ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013