DVB Logo
Home
မြန်မာသတင်း
ကနီတိုက်ပွဲတွင် ရဲတပ်သား ၃ ဦးသေ‌ဆုံး၊ စစ်တပ်က စစ်ကိုင်းပြည်သူတဦးကို ပစ်သတ်
DVB
·
June 20, 2023
ကနီတိုက်ပွဲတွင် ရဲတပ်သား ၃ ဦးသေ‌ဆုံး၊ စစ်တပ်က စစ်ကိုင်းပြည်သူတဦးကို ပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကြို့ပင်လှအရပ်မှာ ကင်းလှည့်နေတဲ့ အင်အား ၁၇ ဦးလောက်ပါ ရဲတပ်ဖွဲ့နဲ့ DRPA ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် ၃၀ တို့ ဇွန် ၁၉ ရက် မနက် ၇ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား ၃ ဦးသေဆုံးကာ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ DRPA သတင်းနှင့်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ကင်းလှည့်လာတဲ့ ရဲတပ်သားတွေဟာ ကနီမြို့ပေါ်ရဲစခန်းကဖြစ်ပြီး တပ်ရင်းတွေ အပြောင်းအရွှေ့များတာကြောင့် ဘယ်တပ်ရင်းကဆိုတာကို‌‌ အတိအကျမပြောနိုင်သေးဘူးလို့ DRPA ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။

သေဆုံး ရဲတပ်သား ၂ ဦးရဲ့ အလောင်းကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက ကောက်ယူသွားပြီး ရဲတပ်သား ၁ ဦးရဲ့ အလောင်းကို‌တော့ ကောက်ယူသွားခြင်းမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ ရဲတပ်သားထံမှ G3 အမျိုးအစား မောင်းပြန် ၁ လက်၊ G3 ကျည် ၉၀၊ G3 ကျည်ဘောက် ၃ ခု၊ ဖုန်း ၁ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်ကာ ၂ ထည်၊ ငွေသား ၂ သိန်းနဲ့ စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

"သူတို့နားမှာ ကျသွားတဲ့နှစ်‌ယောက်ကိုတော့ သူတို့ပဲပြန်ကောက်သွားတယ်။ ကျနော်တို့နားမှာ ကျသွားတဲ့သူကိုတော့ ကျနော်တို့ပဲ ကောက်ခဲ့လိုက်တယ်။ သူ့ဆီကနေ လက်နက်တွေ၊ ငွေသားတွေ သိမ်းဆည်းရမိခဲ့တယ်" လို့ DRPA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ကနီမြို့နယ်အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ယာကြီးကျေးရွာဘက်ကို လက်နက်ကြီးတွေ ရမ်းသန်းပစ်‌ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဆိုပါတယ်။

"ပစ်ခတ်မှုအပြီးမှာ သူတို့က ကျနော်တို့စစ်ကြောင်းဆုတ်တဲ့ဘက်ကို မလိုက်ဘဲနဲ့ ကနီမြို့နဲ့အနီး‌ဆုံးက ယာကြီးရွာထဲကို ၆၀ မမတွေနဲ့လှမ်းထုတယ်။ သူတို့အကျင့်က သူတို့ထိပြီဆိုရင် ဘယ်ညာမကြည့်တော့ပဲ ပတ်ရမ်းတတ်တဲ့အကျင့်ကြောင့် ရွာတွေထဲက လှမ်းထုတာဖြစ်နိုင်တယ်" လို့ DRPA ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောကြားပါတယ်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA အနေနဲ့ ဖွဲ့စည်းတည်ထောင်ချိန်ကနေစပြီး ၂၀၂၃ ခုနှစ် ဧပြီလထိ ၂ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီနဲ့တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ DRPA က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းနဲ့ဝက်လက်မြို့နယ် ချုပ်စပ်ကျေးရွာဖြစ်တဲ့ ရွှေဘို-မန္တလေးလမ်းမကြီးဘေးက မင်္ဂလာရေစင်ကျေးရွာကို ဇွန် ၁၇ ရက်က စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော် စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာနေ အပြစ်မဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးကို အကြောင်းပြချက်မရှိ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြည်သူနေအိမ် ၇ လုံးကျော်ကို မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူပိုင်ပစ္စည်းအများအပြားကို ခိုးယူသိမ်းဆည်းသွားကြတယ်လို့ ဆိုပါတယ်။ 

သတ်ဖြတ်ခံရတဲ့ အမျိုးသားဟာဆိုရင် ဓာတ်ဆီလောင်စာ သွားဝယ်အပြီး အပြန်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့သလို ကျည်ဆန်ဒဏ်ရာနဲ့ သွေးထွက်လွန်နေချိန်မှာလည်း သေနတ်ဒင်တွေနဲ့ ဦးခေါင်းကို ထုချေသတ်ဖြတ်သွားတယ်လို့ ဒေသခံတဦးက DVBကို ပြောပါတယ်။ 

“ဓာတ်ဆီဝယ်ပြီး ပြန်လာချိန် စစ်ခွေးကင်းပုန်းနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတာပါ။ မသေခင်တောင် ဒင်တွေနဲ့ ထုချေသွားကြသေးတယ်။ အဲဒီစစ်ကြောင်းက ရွှေဘို၊ဝက်လက်၊စစ်ကိုင်း သုံးမြို့နယ် ခြေလျင် ပတ်မွှေနေတာပါ။” 

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဝက်လက်၊ စစ်ကိုင်းနဲ့ ရွှေဘိုမြို့နယ်တွေကို တရွာဝင်တရွာထွက် မီးရှို့၊ လူသတ်နေတဲ့ စစ်ကြောင်းဖြစ်ပြီး အခုထက်ထိလည်း ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်နေလို့ ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013