DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အဆောက်အဦတခု မီးလောင်
DVB
·
June 20, 2023
မန္တလေးတွင် အဆောက်အဦတခု မီးလောင်
Donate to DVB

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ ရပ်ကွက်၊ ၁၃၂ လမ်းနဲ့ ၆၃ (‌‌အေ) လမ်းရှိ လူနေအိမ်နဲ့ ဆိုင်ပစ္စည်းသိုလှောင်ရုံ ၃ ထပ်အဆောက်အဦ တခုတည်းမှာ ဇွန် ၁၈ ရက် ညပိုင်းနဲ့ ဇွန် ၁၉ ရက် နေ့လယ်ပိုင်းက မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မန္တလေးဗဟိုမီးသတ်ဌာနက ပြောပါတယ်။

မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ အဆောက်အဦဟာ ဆိုင်ကယ်အပိုပစ္စည်းနဲ့ ကားအစိတ်အပိုင်းတွေ သိုလှောင်တဲ့နေရာဖြစ်ပြီး ဒုတိယထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာပါ။

မန္တလေးမြို့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “တအိမ်တည်း နှစ်ကြိမ်လောင်တာ။ မနေ့ကလောင်တဲ့ အခန်းကပဲ ထပ်လောင်တာ။ အခုတကြိမ်က မီးခိုးပဲ ပိုများတယ်။ မနေ့ညကတော့ မီးတောက်တာပေါ့၊ ၂ နာရီကျော်ကျော်လောက် ငြှိမ်းရတယ်။ အသင်းက ရေသယ်ယာဉ်ရော၊ မီးသတ်က ရေသယ်ကားရော ပါတယ်။ လူထိခိုက်မိတာမျိုးတော့ မရှိဘူး။ အဲ့ဒီနေရာ လောင်ပြီးကတည်းက အခန်းမှာ လူ‌မနေတော့တာ၊ ဒီနေ့လယ်မှ မီးပြန်စွဲတဲ့ပုံစံပါ” လို့ ပြောပါတယ်။

ဇွန် ၁၈ ရက် ည ၈ နာရီခွဲလောက်က ပထမအကြိမ် လောင်ကျွမ်းတာကြောင့် ချမ်းအေးသာစံ မီးသတ်ယာဉ်တွေ၊ ပြည်ကြီးတံခွန် မီးသတ်ယာဉ်တွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေး အသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် ည ၁၁ နာရီခန့်မှာ မီးငြိမ်းသွားပါတယ်။

ဇွန် ၁၉ ရက် နေ့လယ် ၁ နာရီလောက်မှာ မီးငြှိမ်းထားတဲ့ အထပ်ကပဲ ထပ်မံလောင်ကျွမ်းခဲ့တာကြောင့် ပြည်ကြီးတံခွန်မီးသတ်နဲ့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ရဲ့ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ်တွေနဲ့ ၁၅ မိနစ်ခန့် ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှု ၂ ကြိမ်အတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မန္တလေးဗဟိုမီးသတ်ဌာနက တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပြီး မီးလောင်မှုအကြောင်းအရင်းကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ[ မန္တလေးဗဟိုမီးသတ် ]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013