DVB Logo
Home
မြန်မာသတင်း
ငွေကြေးခဝါချမှု ဖော်ထုတ်ရန် ကြီးကြပ်ရေးအဖွဲ့ကို စစ်ကောင်စီဖွဲ့စည်း
DVB
·
June 20, 2023
ငွေကြေးခဝါချမှု ဖော်ထုတ်ရန် ကြီးကြပ်ရေးအဖွဲ့ကို စစ်ကောင်စီဖွဲ့စည်း
Donate to DVB

ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်တွေကို စိစစ်ဖော်ထုတ်ပြီး ကြီးကြပ် စစ်ဆေးနိုင်ဖို့အတွက် အုပ်စုလိုက် ပူးပေါင်းကြီးကြပ်ရေးအဖွဲ့ (CIASC) ကို ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာပါတယ်။

ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ၊ ကျောက်မျက်ရတနာနဲ့ ရွှေရောင်းဝယ်သူတွေ၊ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းတွေနဲ့ အကျိုးဆောင်တွေ၊ ဥပဒေအကျိုးဆောင်၊ စာရင်းစစ်လုပ်ငန်းတွေနဲ့ အကြံပေးလုပ်ငန်း‌တွေ စတာတွေမှာ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်‌တွေကို စိစစ်ဖော်ထုတ်ပြီး ကြီးကြပ်စစ်ဆေးဖို့အတွက် CIASC အဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဒါ့အပြင် စောင့်ကြည့် ကြီးကြပ်စစ်ဆေးတာ၊ ကွင်းဆင်းစစ်ဆေးတာ စတဲ့နည်းလမ်း‌တွေကို အသုံးပြုပြီး သတင်းပို့အဖွဲ့အစည်းတွေကို အုပ်စုလိုက် ကြီးကြပ်စစ်ဆေးဖို့ CIASC ကို တာဝန်ပေးထားပါတယ်။

စစ်ကောင်စီက ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ဖို့ “ငွေကြေးခဝါမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့” ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌကို လုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးထားပါတယ်။

ဗဟိုဘဏ်ဟာ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့နဲ့ပူးပေါင်းပြီး ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်တွေကို ‌ေရှာင်ရှားနိုင်ဖို့ အသိ‌ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုထားပြီး လူအများအပြား သေကျေစေတဲ့ လက်နက်‌တွေ ပြန့်ပွားစေဖို့ ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရေးဆိုင်ရာ ပြဋ္ဌာန်းသတ်မှတ်ချက်‌ေတွကို သတင်းပို့အဖွဲ့အစည်းတွေက လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ကြီးကြပ်စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်‌တွေကို ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Forces FATF) နဲ့ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group- APJG) တို့ သိရှိအောင် အစီရင်ခံစာတွေ ရေးသားပြုစုပေးပို့တာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့မေလက မကာအိုမှာကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ အဋ္ဌမအကြိမ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး တိုးတက်မှု အစီရင်ခံစာနဲ့ ပတ်သက်တဲ့ အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်းအဝေးကို စစ်ကောင်စီခန့် ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ အစီအမံ (Action Plan) ၁၁ ချက်အပေါ် လိုက်နာဆောင်ရွက်မှုတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလက နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Financial Action Task Force-FATF) ရဲ့ “အမည်ပျက်” စာရင်း သွင်းခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013