DVB Logo
Home
မြန်မာသတင်း
မိဇိုရမ်ရောက် ဒုက္ခသည်များကို  NUG သတိပေး
DVB
·
June 20, 2023
မိဇိုရမ်ရောက် ဒုက္ခသည်များကို  NUG သတိပေး
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာကြောင့် ဒေသတွင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ရောယှက်ပါဝင်ခြင်းမပြုဖို့ မီဇိုရမ်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူ ၃၀၀၀၀ ကျော်အတွက် သတိပေးချက်တစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။

အခုနှစ်နှောင်းပိုင်းမှာ မီဇိုရမ်ပြည်နယ်ထဲရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး ရွေးကောက်ပွဲနဲ့ ပါတ်သက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဒုက္ခသည်အဖြစ် လာရောက်နေထိုင်နေကြသူတွေ ပါဝင်ခြင်းမရှိအောင် တားမြစ်ပေးဖို့ နိုင်ငံရေးပါတီအချို့က တောင်းဆိုမှုတွေရှိကြောင်း NUG ရဲ့ ကိုယ်စားလှယ်က အိန္ဒိယအခြေစိုက် The Print သတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။

“အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကို ထိခိုက်စေမယ့် ဘယ်လုပ်ရပ်မျိုးကိုမဆို ရှောင်ကျဉ်ပါ” လို့ ဖော်ပြထားတဲ့ သတိပေးချက်ကို NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယမှာလာရောက်ခိုလှုံနေတဲ့ ဒုက္ခသည်တွေအတွက် ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ သတင်းဌာနက ရရှိထားတဲ့ သတိပေးချက် မိတ္တူမှာ အိန္ဒိယမှာ ယာယီခိုလှုံနေသူတွေနဲ့ ခိုလှုံနေသူတွေက တည်ထောင်ထားတဲ့ လူမှုရေးအသင်းအဖွဲ့တွေ လိုက်နာဖို့ အချက် ၅ ချက်ကို ဦးစားပေးဖော်ပြထားတယ်လို့ ဆိုပါတယ်။

“မိမိတို့နေထိုင်ရာ နယ်မြေရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ရောယှက်ခြင်း မပြုကြဖို့” အဲဒီသတိပေးချက်မှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ပွဲတွေအပါအဝင် ဒေသခံတိုင်းရင်းသားချင်း ဖြစ်ပွားတဲ့ပဋိပက္ခတွေမှာပါ မလိုအပ်ဘဲ ရောယှက်ပါဝင်ခြင်းမရှိရလေအောင် သတိထားရှောင်ကျဉ်ဖို့ ဖော်ပြထားပါတယ်။

အဲဒါအပြင် မိမိတို့ရောက်ရှိနေထိုင်ရာ ဒေသက ဒေသခံ လူမှုအသိုင်းအဝိုင်းတွေရဲ့ စည်းမျဉ်းစည်းကမ်းမူဝါဒတွေနဲ့ လျော်ညီအောင် လိုက်နာနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အကယ်၍ အခက်အခဲတစုံတရာရှိလာခဲ့ပါက နီးစပ်ရာ NUG ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေက တာဝန်ရှိသူတွေကိုဖြစ်စေဆက်သွယ်ဖို့ ညွှန်ကြားထားပါတယ်။  

တခြားသတိပေးချက်တွေနဲ့အတူ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမဝင်မူးယစ်ဆေးနဲ့ တောရိုင်းတိရိစ္ဆာန်မှောင်ခိုရောင်းဝယ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပ ါတ်သက်ခြင်းမပြုကြဖို့ကိုလည်း တားမြစ်ထားပါတယ်။

အခုနှစ်အတွင်းမှာ မြန်မာနိုင်ငံသား ၂၂ ယောက်ကို မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုရောင်းဝယ်မှုလုပ်ငန်းတွေမှာ ပါတ်သက်မှုရှိတာကြောင့် အိန္ဒိယလက်နက်ကိုင် အာဆမ်ရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ကာကွယ်ရေးဆိုင်ရာ သတင်းရင်းမြစ်တွေကနေ သိရကြောင်း The Print က ပြောပါတယ်။

မီဇိုရမ် ပြည်နယ်အစိုးရရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး နောက်ပိုင်း မီဇိုရမ်ပြည်နယ်အနှံ့က ဒုက္ခသည်စခန်းတွေမှာ လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည်စုစုပေါင်း ၃၅၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

အဲဒီထဲက တချို့ဟာ သူတို့ရဲ့ ဆွေမျိုးတွေဆီမှာ နေထိုင်ကြပြီး တချို့ကတော့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

NUG ရဲ့ သတင်းရင်းမြစ်တွေကတော့ မီဇိုရမ်ပြည်နယ်တစ်ခုတည်းမှာ မြန်မာနိုင်ငံကနေ အိုးအိမ်စွန်ခွာထွက်ပြေးခဲ့ပြီးခိုလှုံနေသူ ၅၀၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013