DVB Logo
Home
မြန်မာသတင်း
၂ နှစ်အတွင်း စစ်ကောင်စီတပ်များ လိင်အကြမ်းဖက်မှု  ၁၀၈ မှု ကျူးလွန်
DVB
·
June 20, 2023
၂ နှစ်အတွင်း စစ်ကောင်စီတပ်များ လိင်အကြမ်းဖက်မှု  ၁၀၈ မှု ကျူးလွန်
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်တွေ ကျူးလွန်ခဲ့တဲ့  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် ၁၀၈ မှုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။ လိင်အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း  ၁၁၇  ခုတိုင်ကြားချက်တွေ ရရှိထားပြီး အတည်ပြုဖြစ်စဉ် ၅၁ ခု၊ အတည်ပြုဖို့ ခက်ခဲတဲ့ ဖြစ်စဉ် ၆၆ ခု ပါ၀င်နေကာ ဖြစ်စဥ်တွေထဲက ၁၀၈ မှုကတော့ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ အမှု တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေက ကျူးလွန်ခဲ့တယ်လို့ ဖော်ပြတိုင်ကြားချက်ကတော့ ၁၃ မှု ပါ၀င်နေပြီးတော့ ၉ မှုကတော့ အရပ်သားအချင်းချင်း ကျူးလွန်တဲ့ အမှုတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ NUG အစိုးရတရပ်လုံး အနေနဲ့ လိင်အကြမ်းဖက်မှုအမျိုးမျိုးကို ကာကွယ်နိုင်ဖို့အတွက် အစိုးရအင်္ဂါရပ်တခုလုံး လမ်းညွန်ချက်၊ ဥပဒေနဲ့ နည်းဥပဒေတွေ ပြ ဌာန်းကာ လုပ်ဆောင် ထားပြီးဖြစ်သလို ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း အရပ်သားတွေအပေါ်နဲ့ အရပ်သားအချင်းချင်းကြား ကျူးလွန်မှုတွေကိုလည်း တရားနည်းလမ်းတကျ အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုးစားအားထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတခုထဲမှာ တော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီးတွေ လိင် ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ၅၉ မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။

"နိုင်ငံရေးမတည်ငြိမ်မှုနှင့် အမျိုးသမီးများရင်ဆိုင်နေရသည့် လိင်အကြမ်းဖက်မှုများ" အမည်နဲ့ ထုတ်ပြန်တဲ့ အဆိုပါ အစီရင်ခံစာမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂ နှစ်ကျော် ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကာမလိမ်လည်မှု ၂၃ မှု နဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၆ မှု စုစုပေါင်း ၅၉ မှု ရှိတယ်လို့ ရေးသားထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU အနေနဲ့ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း အစရှိတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုကို အခြေခံပြီး ခိုင်လုံတဲ့ သတင်း မီဒီယာတွေက ဖော်ပြတဲ့သတင်းအချက်အလက်တွေအပြင် ကောက်ယူမှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ စစ်တပ်က ကျူးလွန်တဲ့ အမှုတွေ၊ တခြား လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တဲ့ အမှုတွေနဲ့ အရပ်သားအချင်းချင်းကြား ကျူးလွန်တဲ့ အမှုတွေ ဆိုပြီးတော့ ကဏ္ဍ ၃ ခု ခွဲခြား တင်ပြထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013