DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တိုက်ခန်းငှားရမ်းမှုများကို စစ်ကောင်စီ စည်းကမ်းတင်းကျပ်
DVB
·
June 19, 2023
ရန်ကုန်တွင် တိုက်ခန်းငှားရမ်းမှုများကို စစ်ကောင်စီ စည်းကမ်းတင်းကျပ်
Donate to DVB

ရန်ကုန်မြို့က နေအိမ်တိုက်ခန်းတွေ ငှားရမ်းတဲ့အခါ ငှားရမ်းသူရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ အထောက်အထားတွေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားဖို့ စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဇွန် ၁၃ ရက် သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။

အခုလို ရန်ကုန်မြို့က နေအိမ်တွေမှာ အိမ်ငှားတွေအပေါ် စစ်ကောင်စီက စည်းကမ်းတင်းကျပ်လိုက်တာကြောင့် အိမ်ခန်းငှားရတာ ပိုမိုခက်ခဲသွားပြီး အိမ်ရှင်နဲ့ အိမ်ငှားကြား စိတ်မလုံခြုံမှု ဖြစ်ရတယ်လို့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ အိမ်ငှားနေထိုင်သူတယောက်က ပြောပါတယ်။

“အခုနောက်ပိုင်းဆိုရင် ဒီလို ကြေညာချက်ထွက်လာပြီး နောက်ပိုင်းဆို အိမ်ရှင်တွေကလည်း အလုပ်ရှုပ်မခံချင်ကြဘူး။ အိမ်ငှားရတာလည်း ခက်ခဲသွားပြီ။ နောက် သတ်မှတ်ချက်တွေကို သူတို့ အိမ်တွေဘာတွေ သိမ်းဆည်းခံရမှာ ကြောက်တယ်။ ယောကျ်ားတွေချည်းပဲ သုံးလေးငါးယောက် နေမယ်ဆို မငှားရဲတော့ဘူးလို့ ကြုံရတယ်။ အဓိကကတော့ စစ်ကောင်စီ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် သူတို့ပိုင်ဆိုင်တာ အကုန်လုံးကို အသိမ်းခံရမှာစိုးတဲ့ စိတ်မလုံခြုံမှုပေါ့။ အိမ်သာငှားထားတာ တနေ့ ဘာဖြစ်မလဲပေါ့။

“ဘယ်လိုမျိုး အခက်အခဲတွေ ဖြစ်လာလဲဆိုတော့ အခုက ရန်ကုန်မှာ ဘယ်သူပဲနေနေ ကိုယ့်ရဲ့ အချက်အလက်တွေ အကုန်လုံးက အိမ်ရှင်ကိုလည်း ပေးထားရတယ်။ နေတဲ့မြို့နယ်ရဲ့ ရပ်ကွက်တွေမှာလည်း ကိုယ့်ရဲ့ဓာတ်ပုံတွေ၊ အိမ်ထောင်စုဇယား အားလုံးကို သူတို့ကို အချက်အလက် အပြည့်အစုံ ပေးထားပြီးတော့ ပြောချင်တာကတော့ အိမ်ငှားတွေ အကုန်လုံးကို ကွန်ထရိုးလုပ်ထားတဲ့ သဘောရှိတယ်။ သူတို့ လိုအပ်ရင် လိုအပ်သလို စစ်ဆေးမယ်။ တခုခု ဖြစ်ပြီဆိုရင် အချက်အလက်တွေ မူတည်ပြီး ဒါကို တိုက်စစ်ပြီး record ယူထားတဲ့ သဘောလို့ပဲ မြင်တယ်။”

ရန်ကုန်မြို့မှာ ဧည့်စာရင်းတိုင်ကြားတဲ့အခါလည်း ပိုမိုတင်းကျပ်လာပြီး နာမည်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနဲ့ ရပ်ကွက်ထောက်ခံစာတွေအပြင်၊ နေအိမ်မှာ နေထိုင်သူတွေရဲ့ ဓာတ်ပုံတွေပါ ပေးပြီး ဧည့်စာရင်းတိုင်ရတဲ့ အခြေအနေ ရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

အခုလိုမျိုး စစ်ကောင်စီက ဧည့်စာရင်းတိုင်ကြားမှုကို တင်းကျပ်ထားတာကြောင့် အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်မြို့မှာ ကျောင်းလာတက်သူတွေ၊ အလုပ်လုပ်သူတွေ အခက်ကြုံရပြီး နယ်မြို့တွေမှာလည်း နယ်မြေမတည်ငြိမ်လို့ ထောက်ခံစာယူဖို့ ခက်ခဲတယ်လို့ ကိုယ်တိုင်ကြုံရသူတယောက်က ပြောပါတယ်။

“အရင် ဒီတိုင်း ဧည့်စာရင်းတိုင်ရတာမျိုး မဟုတ်တော့ဘူး။ ဓာတ်ပုံတွေရိုက်ပြီး သူတို့ဆီမှာ မှတ်တမ်းထားတာ ဖြစ်တဲ့အတွက် စိတ်အဆင်မပြေဘူး။ အဲ့ ဧည့်စာရင်းကိစ္စကတော့ စိတ်အဆင်မပြေဘူးပေါ့။ တခြား ထောက်ခံစာတွေယူပြီး အရင်ကလို အိမ်ငှားရတာ လွတ်လွတ်လပ်လပ် မဟုတ်တဲ့အတွက် စိတ်အနှောင့်အယှက်တွေဖြစ်တယ်။ နယ်က ပြောင်းလာတဲ့ သူတွေဆိုလည်း နယ်မှာ ထောက်ခံစာတွေ ပြန်ယူရတယ်။ ဒီက ထောက်ခံစာနဲ့ မရဘူး။ နယ်မှာလည်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်တော့ ထောက်ခံစာယူဖို့ ခက်တယ်။ အဲ့ထောက်ခံစာယူဖို့ ခက်တဲ့အခါကျ နယ်ကလူတွေ ရန်ကုန်လာပြီး အခြေချတဲ့အခါ တော်တော်လေး အဆင်မပြေမှု ကြုံရတယ်။ ချိပ်ပိတ်တာတွေဘာတွေက အိမ်ရှင်အပိုင်း ဖြစ်တဲ့အတွက် သူတို့လည်း စိုးရိမ်ပူပန်မှုတွေ ရှိကြတာပေါ့။ အိမ်ငှားဘက်က ကြည့်ရင်လည်း ရပ်ကွက်ထောက်ခံစာတွေ၊ ဧည့်စာရင်းတွေက ဒီလိုပုံတွေနဲ့ တင်ရတော့ ကိုယ့်ပုံပါနေတော့ အဆင်မပြေဘူးပေါ့။”

စစ်ကောင်စီရဲ့ အခုလို တင်းကျပ်တဲ့ ထုတ်ပြန်ချက်ဟာ အိမ်ငှားတွေသာမက အိမ်ရှင်တွေနဲ့ အိမ်ငှား ပွဲစားတွေပါ အခက်တွေ့ရတယ်လို့ ရန်ကုန်မြို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

အထောက်အထား အပြည့်အစုံနဲ့ ဧည့်စာရင်း မတိုင်ကြားရင် နေအိမ် တိုက်ခန်း ပိုင်ရှင်တွေကိုပါ အရေးယူမယ်လို့ သတိပေးထားပြီး တိုက်ခန်းငှားသူတွေ အကြမ်းဖက်မှု တစုံတရာ ကျူးလွန်ရင်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ နေအိမ် တိုက်ခန်းကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်သူတွေကို ရန်ကုန်မြို့က တိုက်ခန်းနဲ့ လိုင်းခန်းတွေမှာ ဖမ်းမိပြီးနောက် အခုလို ထုတ်ပြန်လိုက်တာလို့ သုံးသပ်ပြောဆိုတာတွေ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013