
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ တာမွေ၊ ကမာရွတ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဇွန် ၁၉ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်က ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး အမျိုးသား၊ အမျိုးသမီးတချို့ ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မင်္ဂလာဒုံမြိုနယ်၊ ရွှေနံ့သာရပ်ကွက်၊ ပတ္တမြားဈေးမှာ ဒီနေ့မနက် ၇ နာရီက ပန်းကြဲဆန္ဒပြခဲ့တဲ့ အမျိုးသားတဦးကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီစစ်ဆေးပြီး နေအိမ်ကိုပါ လိုက်လံရှာဖွေခဲ့တယ်လို့ စျေးသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကောင်လေးကို စစ်တပ်ကဖမ်းပြီး ဓာတ်ပုံရိုက်တယ်။ ပြီးမှ ကားပေါ်တင်သွားတာ။ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး။”
ကမာရွတ်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်နဲ့ အမှတ် ၈ ရပ်ကွက်မှာ ဒီနေ့မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ရဲတွေက ပန်းကိုင်ထားသူ ၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျွန်းတောလမ်းနဲ့ ဆင်မလိုက်စျေးထဲမှာ ဖမ်းတာ၊ ရှစ်ယောက်ရှိတယ်၊ ပန်းသပိတ် ဆန္ဒပြတယ်ဆိုပြီး ဖမ်းတာ၊ တချို့ဆို ပန်းရောင်းတဲ့သူတွေတောင် ပါတယ်။”
အလားတူ စစ်ကောင်စီတပ်က လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်နဲ့ ရန်ကုန်-ပုသိမ်လမ်းမကြီး တိုးချဲ့မှတ်တိုင်အနီးမှာ ပန်းပန်ထားသူ အမျိုးသမီး ၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် တာမွေမြို့နယ် ဗညားဒလလမ်းမှာနေတဲ့ အမျိုးသားတဦးကိုလည်း လူမှုကွန်ရက်စာမျက်နှာမှာ ပန်းသပိတ်ပုံ တင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ အဆိုပါလမ်းနေသူတွေဆီက သိရပါတယ်။
၇၈ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ပန်းပန်သူတွေ၊ ဒေါ်စုပုံပါ အင်္ကျီဝတ်သူတွေ၊ ပန်းသပိတ်ဆင်နွှဲသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့ မြို့နယ်တွေက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပန်းသပိတ်မလုပ်အောင် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပြီး ပြည်သူအများစုက မြေပြင်သပိတ်နဲ့ လူမှုကွန်ရက်သပိတ်တွေကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်ပန်းအမျိုးအစားကိုမဆို အသုံးပြုပြီး လုံခြုံရေး မထိခိုက်စေတဲ့ ပုံစံနဲ့ ပန်းသပိတ်မှာ ပါဝင်ပေးဖို့ နှိုးဆော်ထားပါတယ်။











