ရန်ကုန်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တညတည်းမှာ ဗုံး ၉ လုံး အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ဇွန် ၁၈ ရက် မနေ့ ည ၈ နာရီလောက်မှာ ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်က လှိုင်သာယာမြို့ အခြေစိုက် ခမရ ၅၃၂ တပ်ရင်းအနီးကို ပထမဆုံး တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီလောက်မှာ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင်တရားရုံးကို ဆက်လက်တိုက်ခိုက်ခဲ့တာပါ။
ည ၉ နာရီကျော်လောက်မှာ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် ဘုရင့်နောင်လမ်းနဲ့ အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်က စစ်ကောင်စီရဲ့ ထားဝယ်ချောင်ရဲစခန်းကို တတိယအကြိမ် ထပ်မံဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ သေဆုံးသတင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
“တိုက်ခိုက်ခဲ့တာ ဟုတ်တယ်၊ ၃ ကြိမ်ကို ၉ လုံးပါ။ လုံခြုံရေးအရ တခြားမေးခွန်းတွေ ဖြေလို့ အဆင်မပြေသေးလို့ခင်ဗျ။”
အဆိုပါတိုက်ခိုက်မှုတွေကို Freeland Attack Force-FLA၊ Emerald Girls Army-EGA နဲ့ Anonymous Fighters Force-AFF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုကတည်းက ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဒီကနေ့မှာ လှိုင်သာယာမြို့နယ်နဲ့ ကမာရွတ်မြို့နယ်က ပန်းပန်တဲ့သူတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါသေးတယ်။