
ရန်ကုန်မြို့မှာ စစ်ကောင်စီက ဆိုင်ကယ်တွေ ဖမ်းဆီးနေတာတွေ ခပ်စိပ်စိပ် ပြုလုပ်နေတာကြောင့် ဆိုင်ကယ်အစား စက်ဘီးစီးသူ ပိုများလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီက ဆိုင်ကယ်တွေကို နေ့စဉ်ဆိုသလို ဖမ်းဆီးနေတာကြောင့် ရန်ကုန်က ပြည်သူတွေဟာ ဆိုင်ကယ်အစား စက်ဘီးတွေကို ပိုမိုဝယ်ယူလာသလို မြဝတီဘက်က စက်ဘီးတွေ ဝင်ရောက်လာတာ မရှိတော့တာကြောင့် စက်ဘီးဈေးတွေ မြင့်တက်နေတယ်လို့ နံ့သာကုန်း စက်ဘီးအရောင်းဒိုင်တွေထံက သိရပါတယ်။
“အဝင်က မရှိသလောက်ပဲ။ ဝယ်လိုအားကလည်း အရမ်းများတော့ ဈေးကွက်ကို အတော်လေး ထိန်းနေရတယ်။ အခုသွင်းထားတဲ့ စက်ဘီးတွေ ကုန်ရင် အသစ်ထပ်မှာလို့လည်း မရတော့ဘူး” လို့ နံ့သာကုန်း စက်ဘီးကုန်စည်ဒိုင်တခုက ပြောပါတယ်။
လက်ရှိမှာ ဂီယာနဲ့စက်ဘီးတစီးရဲ့ တန်ကြေးက ကျပ် ၁ သိန်းလောက်အထိ ရှိနေပြီး တပတ်ရစ်ဆိုရင် အနည်းဆုံးကျပ် ၅ သောင်းလောက်မှပဲ ဝယ်ယူနိုင်တော့တယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
အရင်က စက်ဘီးတွေကို မြဝတီမြို့ကနေတဆင့် တင်သွင်းခဲ့ပေမဲ့ အခုအခါ စက်ဘီးအဝင် မရှိတော့တာကြောင့် ရန်ကုန်က စက်ဘီးကုန်စည်ဒိုင်တွေက မြဝတီမြို့ကို ပြန်လည်တင်ပို့နေရတယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့တပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်လို့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာဖြစ်ပြီး အခုအခါ ဆိုင်ကယ် ကယ်ရီ ဆွဲသူတွေကိုပါ ဖမ်းဆီးနေပါတယ်။











