
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြို့မဈေးမှာ ဇွန်လ ၁၉ရက် ဒီမနက်ပိုင်းမှာ စစ်ကောင်စီက ပန်းရောင်းတဲ့ ပန်းသည်တွေနဲ့ ပန်းဝယ်သူတွေကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဈေးသည်တွေက ပြောပါတယ်။
ဒီမနက်ပိုင်း ၈နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေက ဈေးအတွင်းကိုဝင်ရောက်ပြီး ပန်းပန်တယ်ဆိုပြီး ဈေးအတွင်းက အမျိုးသမီး ၂၀ ဝန်းကျင်ကို ဖမ်းသွားတာလို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိခဲ့ရတဲ့ ဈေးရောင်းသူတစ်ဦးက " ဈေးထဲဝင်ပြီး ကားပေါ်ခေါ်သွားတာ။ ပန်းပန်တဲ့သူတွေအားလုံးဖမ်းခံရတာ။ ပန်းရောင်းတဲ့သူတွေရောပဲ။ ဈေးသည်တွေက ဒီနေ့မှ ပန်းပန်ကြတာမဟုတ်ပါဘူး။ အရင်နေ့ကလည်း ပန်းရောင်းရင်း ပန်ကြတာပဲ။ မြို့မရဲစခန်းကို ဖမ်းသွားတယ်"လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီက ကလေးမြို့ မြို့မရဲစခန်းရှိ အချုပ်အတွင်းကို ဖမ်းဆီးသွားတယ်လို့သိရပြီး ဖမ်းဆီးခံရတဲ့သူ အရေအတွက် အတိအကျကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ စစ်ကောင်စီက ကလေးမြို့တွင်း နေရာအနှံ့အပြားမှာ စစ်ဆေးဖမ်းဆီးတာတွေပြုလုပ်နေပါတယ်။
မြန်မာနိုင်ငံ ဒေသအနှံ့မှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်တွေ ဆင်နွှဲ နေတာလည်းဖြစ်ပါတယ်။










