Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည် (သို့) ခေါင်းဆောင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်သွားနိုင်သလား
DVB
·
June 19, 2023

ဒေါ်အောင်ဆန်းစုကြည် အနာဂတ်မှာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်ကွယ်သွားနိုင်သလားဆိုရင် ပျောက်မသွားနိုင်ဘူးလိုတော့ တတ်အပ်မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပျောက်သွားစေချင်တဲ့သူတွေ ရှိလို့ပဲလို့ ပြောရမှာပဲ။ အဲဒီ ပျောက်သွားစေချင်သူတွေအထဲမှာ ရန်သူစစ်စစ်တွေအထဲက ပါသလို မိတ်ဆွေတုတွေ အထဲကလည်း ပါတယ်လို့ ယထာဘူတကျကျ သုံးသပ်ရမှာပဲ။ ယထာဘူတကျကျဆိုတာ ကျနော် အနည်းငယ် ရှင်းပြလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ လူငယ်မျိုးဆက်က အမည်အမျိုးမျိုး ခေါ်ကြပါတယ်။

အထူးသဖြင့် သူရဲ့ပါတီအထဲကနေ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အဖွဲ့ချုပ်လူငယ်တွေအထဲက ကျနော်အပါအဝင်ပေါ့၊ တာဝန်နဲ့ စပ်လျဉ်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ငါတို့ခေါင်းဆောင်လို့ ပြောလေ့ရှိတယ်။ ကျနော်တို့နိုင်ငံရေးမှာ ခေါင်းဆောင်လို့ သုံးနှုန်းခေါ်ဝေါ်တာ ရှားပါတယ်။ ပြောချင်တာက ‌ကျနော်တို့ရဲ့ ခေါင်းဆောင်လို့ ခေါ်ဝေါ်သုံးနှုန်းတာက သာမန် အဖွဲ့ချုပ်အဖွဲ့ဝင်၊ သာမန်ပြည်သူတွေ ခေါ်ဝေါ်သုံးနှုန်းတဲ့ အမေစု ဆိုတာနဲ့ အင်မတန် ကွာခြားပါတယ်။

ယထာဘူတ သုံးသပ်ခြင်း

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်သွားစေချင်တဲ့ အဖွဲ့အစည်း၊ ရန်သူစစ်စစ်လို့ သတ်မှတ်ထားတာ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒီအချက်က ထင်သာမြင်သာတဲ့ အချက်ပါ။ ဒါကို လူတိုင်းမြင်နိုင်ပါတယ်။ လူတိုင်းမမြင်နိုင်တဲ့ ဘက်က ကြည့်တာကို မှန်းဆပြီး ကြည့်တာကိုတော့ ယထာဘူတအမြင်လို့ ခေါ်ပါတယ်။ ရမ်းသန်းပြောလို့တော့ မရပါဘူး။

အကျိုးအကြောင်းကို ဆက်စပ်ပြီး ကြည့်တဲ့ ယထာဘူတဉာဏ်ဟာ သိပ်ပြီး အရေးပါပါတယ်။ အရာကျယ်ပါတယ်။ မိတ်ဆွေတုတွေလို့ ကျနော်ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်။ အဲဒီမိတ်ဆွေတုတွေအထဲမှာ အဖွဲ့ချုပ်ထဲက ခေါင်းဆောင်လို့ မခေါ်ရဲဘဲ အမေစုလို့ခေါ်တဲ့ အထဲက ခပ်များများရှိပါတယ်။ အမေစုလို့ ခေါ်ပြီး ခေါင်းဆောင်ရဲ့လမ်းစဉ်ကို မသိ မလိုက်တဲ့ အုပ်စုတွေ အများကြီးရှိပါတယ်။

သဘာဝတရားရိပ်သာ ဘုန်းကြီးရဲ့ ဉာဏ်နည်းမှု

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေးမလုပ်ဘဲ ငြိမ်းချမ်းရေးသာ ဆောင်ရွက်ဖို့ သဘာဝတရားရိပ်သာဘုန်းကြီး အသျှင်ဥတ္တမသာရက NLD နာယက ဘဘဦးတင်ဦးကို ဇွန်လ ၈ ရက်နေ့က သွားရောက်ပြောကြားခဲ့တာ တွေ့ရပါတယ်။

“သူ့အနေနဲ့ နိုင်ငံသိ ကမ္ဘာသိ သြဇာညောင်းတဲ့ ခေါင်းဆောင်တယောက် ဖြစ်တဲ့အခါကျတော့ ဂန္ဒီကြီးလိုပေါ့၊ အိန္ဒိယက မဟတ္တမ ဂန္ဒီလိုပေါ့၊ သူက ငြိမ်းချမ်းရေးပဲ လုပ်မယ်ဆိုရင် အများစုက လိုက်လုပ်ကြတယ်ပေါ့။ လူသိများတာရယ်၊ ကောင်းတဲ့အရည်အချင်းတွေ အများကြီးရှိတယ်။ ရာထူးအာဏာယူမှ၊ ရွေးကောက်ပွဲနိုင်မှ မဟုတ်ဘူးပေါ့။ သူ့အနေနဲ့ သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ သူ့ရဲ့ကိုယ်ကျင့်တရားတွေနဲ့ပေါ့။ တိုင်းပြည်အကျိုး၊ ကမ္ဘာ့အကျိုး ဆောင်ရွက်လို့ရမယ်လို့ ဆရာတော်အနေနဲ့ ယုံကြည်တာပေါ့။ ဆရာတော်လည်း ဒီလိုပဲ တရားဝင်ရာထူးတွေနဲ့ မဟုတ်ဘဲနဲ့ ကိုယ့်စေတနာနဲ့ ကိုယ်၊ အများအကျိုး သာသနာ့အကျိုး ဆောင်ရွက်နေတာပဲ။ ဆောင်ရွက်နေတော့ သူ့ကိုလည်း တွေ့ပြီးတော့မှ အဲဒီလို ရှင်းပြချင်တာပေါ့။ သူသာပါလာမယ်ဆိုရင် တပ်မတော်ကလည်း ပြောင်းသွားနိုင်တာပေါ့လေ။ သူကသာ ငြိမ်းချမ်းရေးပဲဆိုရင် တပ်မတော်အနေနဲ့လည်း အချင်းချင်း အဆင်ပြေသွားနိုင်မယ်လို့ ယူဆတာပေါ့လေ။ သူက နိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တဖက်မှာ တပ်မတော်ကလည်း နည်းနည်းတင်းမာနေတာပေါ့။ တပ်မတော်ကတော့ မလုပ်စေချင်ဘူး။ သူကတော့ လုပ်တယ်ဆိုတဲ့သဘောမျိုးတော့ ဖြစ်နေတာပေါ့။ သူကသာ ပြည်သူရဲ့အကျိုးအတွက် မငြိမ်းချမ်းတာတွေ ငြိမ်းချမ်းသွားစေဖို့၊ သူကသာ ဖြူမယ်ဆိုရင် လိုက်ပြီးတော့ ဖြူမယ့်သူတွေ များတယ်။ အဲဒါကြောင့် တွေ့ပြီးတော့မှ ရှင်းပြချင်တာပေါ့”

ဒီဘုန်းကြီးရဲ့  ဆိုလိုရင်းက စစ်တပ်နဲ့ မပြိုင်ပါနဲ့။ ပြိုင်တိုင်းလည်း သူတို့ပဲ ရှုံးနေတာကိုး။ ကုသိုလ်ဖြစ် ငြိမ်းချမ်းရေးလေးပဲလုပ်ပြီး ကျန်ရှိတဲ့ သက်တမ်းလေးမှာ အေးဆေးလေး နေပါပေါ့ဗျာ။ နိုင်ငံရေးလည်း မလုပ်တော့နဲ့၊ ငြိမ်းချမ်းရေးလေးပဲလုပ်ပါ။ ဒီ အရေမရ အဖတ်မရ စကားတွေဟာ ဒီဘုန်းကြီးရဲ့ ဉာဏ်နည်းမှုမှသော်လည်းကောင်း၊ စစ်တပ်ဘက်က ငြိမ်းချမ်းရေးပွဲစား လုပ်ခိုင်းဟန်သဘောမျိုးကိုလည်းကောင်း တွေ့ရပါတယ်။ အဲဒီဘုန်းကြီးနဲ့ တွေ့ဆုံမှုနဲ့ တိုက်ဆိုင်စွာပဲ များမကြာမီမှာ သတင်းထူးတပုဒ် ထပ်ကြားရပါတယ်။

ဧရာဝတီတိုင်းမ်ရဲ့ သတင်းထူးတပုဒ်

နေပြည်တော်အကျဉ်းထောင်အတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ခေါင်းဆောင်အချို့ သွားရောက်တွေ့ဆုံ ဆိုပြီး ဧရာဝတီတိုင်းမ်၊ ရန်ကုန်က ဇွန်လ ၁၂ ရက်နေ့မှာ တွေ့ရပါတယ်။ အဲဒီမှာလည်း စိတ်ဝင်စားစရာ ကောင်းတာက…

“နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အပါအဝင် စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း” ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်ဟု ဆိုပါတယ်။

ဧရာဝတီတိုင်းမ် သတင်းဌာန၏ သတင်းရင်းမြစ်များရဲ့ ပြောကြားချက်အရ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ဟာ ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်ကတကြိမ်၊ ၂၀၂၃ ခုနှစ် ဇွန်လ ၄ ရက်နေ့က တကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးကိစ္စတွေမှာ ဝင်ကူဖို့တို့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးဖို့တို့ သွားပြောတယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှ ပြန်မပြောဘူးလို့ သိရတယ်” ဟု ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီဘက်ကတော့ ဒီသတင်းကို အတည်မပြုပါဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များ သွားရောက်တွေ့ဆုံမှုဟာ မကြာသေးခင်က NLD နာယက ဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့တဲ့ သဘာဝတရားရိပ်သာ ဘုန်းကြီးနဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်မှုများကတော့ အများအပြားပါပဲ။ 

နိုင်ငံရေးသုံးသပ်သူတဦး

“ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကအနားယူပြီး ပရဟိတအလုပ်တွေလုပ်ဖို့၊ လူသားအကျိုးပြုတွေ လုပ်ဖို့ဆိုတဲ့ သဘာဝတရားရိပ်သာ ဘုန်းကြီးရဲ့ အာဘော်တွေကိုကြည့်ရင် စစ်ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒီအတိုင်းပဲ ပြောပါလိမ့်မယ်။ သူတို့ပြောမရလို့ ဘာသာရေးဘက်က လူတွေကိုပါ သုံးလာတာလို့ သုံးသပ်တယ်”

နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး အပါအဝင် နယ်ပယ်စုံတွင် ကျရှုံးနေသည့် စစ်ကောင်စီသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့  သုံးသပ်မှုများလည်း ရှိပါတယ်။ လက်ရှိမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရကာ နေပြည်တော် အချုပ်ထောင်ထဲမှာ အကျဉ်းကျခံနေရဆဲလည်း ဖြစ်ပါတယ်။

အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့အတွက် ဒီအတွေး (၄)

ဒီနေရာမှာ ခေါင်းဆောင်ရဲ့ ဒီကနေ့အတွက် ဒီအတွေး (၄) ကို မျှဝေပေးချင်ပါတယ်။ နွေဦးအတွက် အားဆေးတခွက်ပေါ့။

“ဘောဂဗေဒအရ ဝတ္ထုပစ္စည်းတခုရဲ့ တန်ဖိုးဟာ ဝယ်လိုအား၊ ရောင်းလိုအားပေါ်မှာ တည်ပါတယ်။ ဝယ်လိုအားများရင် တန်ဖိုးမြင့်တယ်၊ ရောင်းလိုအားများပြီး ဝယ်လိုအား နည်းရင်တော့ တန်ဖိုးကျပါတယ်။ တနည်းပြောရရင် လိုအပ်မှုက ရနိုင်ခြေထက်ပိုရင် တန်ဖိုးတက်သွားတယ်ပေါ့။”

“ယခုလို ကျမတို့နိုင်ငံက စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဘာတွေကို တန်ဖိုးရှိတယ်လို့ သတ်မှတ်နိုင်မလဲ ဆိုတာကို စဉ်းစားမိပါတယ်။ ကိုဗစ်ရောဂါ အောင်နိုင်ရေးအတွက်ရော၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ရော ကြိုးပမ်းရာမှာ ပြည်သူတွေ တဦးချင်း တဦးချင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါတယ်။ ဘယ့်လောက်အထိ လိုအပ်လဲဆိုတော့ ရနိုင်သလောက် လိုအပ်တယ်လို့ ပြောရမှာပါ။ နိုင်ငံအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ဆောင်ရွက်ရာမှာ ပြည်သူတွေရဲ့ ပါဝင်မှုတန်ဖိုးဆိုတာ တန်ဖိုးဖြတ်လို့ မရပါဘူး။ ပြည်သူတွေကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့ ကျမ အခွင့်အခါကြုံတိုင်း သတိပေးပါတယ်။”

“NLD ထူထောင်ခါစ၊ မေမေ့ရဲ့ဇာတိမြေ မြောင်းမြကို ရောက်စဉ်မှာ၊ အဖွဲ့ချုပ်လူငယ်များနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ အဖွဲ့ချုပ်ဝင်တဦးရဲ့အိမ် ထင်ပါတယ်။ အပေါ်ထပ် အခန်းကျယ်တခန်းမှာ စုဝေးကြတယ်။ သစ်လွင်နုပျိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သစ်လွင်နုပျိုတဲ့ လူငယ်တွေကို ဘာပြောသင့်လဲလို့ စဉ်းစားလိုက်တော့ ‘တန်ဖိုးထားခြင်း’ ဆိုတဲ့ အတွေးက၊ မသိစိတ်က ပေါ်ထွန်းလွှမ်းမိုးခဲ့တယ် ထင်ပါတယ်။ ငယ်ငယ်ကသင်ခဲ့ရတဲ့ ကဗျာတပုဒ်ကို အခြေခံပြီး တန်ဖိုးရှိတဲ့သူတဦးဖြစ်အောင် ဘယ်လိုနေရမလဲ၊ ဘာကြောင့်နေရမလဲ ဆိုတာကို ပြောပြပါတယ်။”

“‘ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မည်၊ ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်’ လို့ အစချီတဲ့ ကဗျာပါ။ အဲဒီတုန်းက NLD လူငယ် တော်တော်များများ သိကြပါတယ်။ ကျမတို့ စည်းဝေးနေတဲ့ အခန်းတထောင့်မှာ ထိုအချိန်ထိုအခါက နိုင်ငံရေးလှုပ်ရှားမှုများထဲမှာ ပါဝင်ကြသူအားလုံး ရင်းနှီးခဲ့ကြတဲ့ ထောက်လှမ်းရေးအဖွဲ့က ပုဂ္ဂိုလ်တဦး ထိုင်နေပြီး အစည်းအဝေးမှာ ပြောသမျှကို လိုက်မှတ်နေပါတယ်။ ကဗျာထဲပါ သဘောတရားတွေကို ကျမ ရှင်းပြနေချိန်မှာတော့ အတော်ကို စိတ်ဝင်စားလာလို့ လိုက်ရေးရမှာတောင်မေ့ပြီး စူးစူးစိုက်စိုက် နားထောင်ပါတော့တယ်။”

“သူ့ကိုယ်သူ တန်ဖိုးထားချင်တဲ့ သန္ဓေစိတ် ရှိသူပဲလို့ တွေးမိလို့ ယနေ့အထိ သူ့ကို မမေ့ပါ။ ကျမတို့ပြည်သူတွေ မေ့မရနိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားချင်စိတ်တွေ မွေးနိုင်စေချင်ပါတယ်။

အောင်ဆန်းစုကြည်၊ အောက်တိုဘာ ၁၀၊ ၂၀၂၀” လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေက ချစ်နေတုန်းပဲ

ကျနော်တို့က ခေါင်းဆောင်နဲ့ပတ်သက်ရင် အခုလိုယုံကြည်ပါတယ်။ ခေါင်းဆောင်ဟာ သူရှိခဲ့စဥ်ကလည်း ကျနော်တို့ ပြည်သူလူထုနဲ့ နိုင်ငံတော်ကို နိုင်ငံရေးဓလေ့ ထွန်းကားအောင်၊ အထူးသဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားအောင် ကျေးဇူးပြုခဲ့တယ်။ ဒါ့အပြင် ကျနော်တို့ခေါင်းဆောင် မျှော်လင့်တာက သူမရှိတော့ရင်တောင် ဖြစ်တဲ့ နိုင်ငံတော် ဆိုတာပါပဲ။ ဒီအတွေးအခေါ် အယူအဆက သိပ်မြင့်ပါတယ်။ နက်ရှိုင်းပါတယ်။ နတ္ထိပစ္စယောပါ။ မရှိသည် ဖြစ်၍ ကျေးဇူးပြုခြင်းလည်းကောင်းတဲ့။ ကျနော် အနှစ်ချုပ်ပြောရရင် ဘယ်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်စေချင်သည်ဖြစ်စေ ခေါင်းဆောင်ဟာ ပြည်သူတွေရဲ့ နှလုံးအိမ်ထဲမှာ အတ္ထိပစ္စယော ရှိခြင်းအားဖြင့်လည်းကောင်း၊ နတ္ထိပစ္စယော မရှိခြင်းအားဖြင့်လည်းကောင်း ကမ္ဘာတည်သ၍ တည်တံ့နေမယ့် ဝေမြဲနှင်းဆီ တပွင့် ဖြစ်နေဦးမယ်ဆိုတာ ယုံကြည်ပါတယ်။ ယနေ့အချိန်ထိလည်း မဗေဒါ အံကိုခဲ ပန်းပန်လျက်ပါပဲ။ ပြည်သူတွေက ချစ်နေတုန်းပဲ...။

ဒေါ်အောင်ဆန်းစုကြည် (သို့) ခေါင်းဆောင် ၇၈  နှစ်ပြည့် မွေးနေ့အတွက် မေတ္တာစာ။

အမေ ကျန်းမာချမ်းသာစွာဖြင့် ဘေးမသီ ရန်မခဘဲ အမြန်ဆုံးပြန်လည် လွတ်မြောက်လာပါစေ။

စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပါစေ။

အရေးတော်ပုံ မုချ အောင်ရမည်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024