DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပွဲ ကနေဒါ၊ ဗန်ကူးဗားတွင် ကျင်းပ
DVB
·
June 19, 2023
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပွဲ ကနေဒါ၊ ဗန်ကူးဗားတွင် ကျင်းပ
1 / 3
Donate to DVB

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ  ဒေသစံတော်ချိန် ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းက ကျင်းပပြီး ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆုတောင်းပေးခဲ့ကြပါတယ်။ 

ဒီဆုတောင်းပွဲမှာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် ကနေဒါရောက် မြန်မာပြည်ဖွားတွေ ပါဝင်တက်ရောက်ကာ မွေးနေ့ကိတ်မုန့်တွေခွဲတာနဲ့ ရောင်စုံမိုးပျံပူဖောင်းတွေ လွှတ်တင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပေးခဲ့ကြတာပါ။

ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ 2021 Burmese Action Group (ဗန်ကူးဗား) အဖွဲ့ရဲ့ တာဝန်ရှိသူက  ဦးမင်းနိုင်က “အမေစု ၇၈ နှစ်မြောက်မွေးနေ့တွင် ဖက်ဆစ်လူယုတ်မာများ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေ။ အမေစု ကျန်းမာ ချမ်းသာပါစေ။ အမေစုချစ်သော မြန်မာနိုင်ငံသူ နိုင်ငံသားများ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံးကို စွမ်းစွမ်းတမန် မကြာခင် ပြန်လည်ဆောင်ရွက်နိုင်ပါစေ။ အမေစုနဲ့အတူ အကျဉ်းကျနေကြသော သမ္မတကြီး ဦးဝင်းမြင့်နှင့် တကွ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားများ အားလုံးလည်း  စစ်မိစ္ဆာအောက်က အမြန်ဆုံးလွတ်မြောက်ပါစေ။ အမေစုနဲ့တကွ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး  ကျန်းမာချမ်းသာပြီးတော့ စစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ကျနော်တို့ ဆုတောင်းပေးပါတယ်” လို့ ဆုတောင်းစကား ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က မတရားဖမ်းဆီး အာဏာသိမ်းယူခဲ့ကာ အမှုပေါင်း ၁၉ မှုနဲ့ သက်သေထင်ရှားမရှိဘဲ စွပ်စွဲပြီး  ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက နှစ်ပေါင်းများစွာ နည်းမျိုးစုံနဲ့ နှိပ်စက် ဖိအားပေးကာ နိုင်ငံရေးကနေ ဖယ်ရှားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ တဦးတည်းသော ခေါင်းဆောင်အဖြစ် လက်ခံထားတယ်လို့ ဗန်ကူးဗားမြို့မှာနေထိုင်တဲ့  မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးဌေးအောင်က ပြောပါတယ်။ 

“အမေစုကို ချစ်ခင်လေးစားတဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာတွေအားလုံးကနေပြီးတော့ အမေစုမွေးနေ့လို့ သိလိုက်တာနဲ့ အကုန်လုံးဝိုင်းပြီးတော့ အမေစုကို ဂုဏ်ပြုကြတယ်၊ ချီးမြှောက်ကြတယ်၊ ဒါကဘာကိုပြလဲဆိုတော့ အမေစုရဲ့ စွန့် လွှတ်အနစ်နာခံမှု၊ သူ့ရဲ့ မဖြစ်မနေ တစိုက်မတ်မတ်လုပ်တတ်တဲ့စိတ်ဓာတ်နဲ့ စွန့်လွှတ်တဲ့ စိတ်ဓာတ်၊ တိုင်းပြည်အပေါ်မှာ ဒီလောက်အထိ စွန့်လွှတ်အနစ်နာခံပြီးတော့မှ တိုင်းပြည်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွား တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် ဒီလောက်အထိ သူအနစ်နာခံ ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အမေစုကို တညီတတညွတ်တည်း လက်ခံထားပြီးသားဖြစ်တယ်။ ဒါကြောင့်မလို့ ဒီကနေ့ ဖြစ်နေတဲ့ အခက်အခဲ အကျပ်အတည်းကို ဘယ်လောက်ပဲ အခက်အခဲ အကျပ်အတည်းရှိနေပါစေ အမေစုဟာ ငါတို့ရဲ့ ခေါင်းဆောင်ဖြစ်တယ်၊ အမေစုဟာ တိုင်းပြည်မှာ အဓိကလိုအပ်နေတဲ့ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထွန်းကားရေးဆိုတဲ့ ဘုံမျှော်လင့်ချက် ဘုံရည်မှန်းချက်တွေကို ဦးဆောင်ပြီး ဖြေရှင်းပေးနိုင်တဲ့ တဦးတည်းသောခေါင်းဆောင်လို့ ကျနော်တို့ လက်ခံထားပြီးသားဖြစ်တယ်။” 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ဟာ  မြန်မာအမျိုးသမီးနေ့လည်း ဖြစ်လို့  အမျိုးသမီးတွေက နှင်းဆီပန်းတွေ ပန်ဆင် ယူဆောင်လာကာ မြန်မာပြည်တွင်းရှိ ပြည်သူတွေနဲ့အတူတသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့  ပန်းသပိတ်မှာ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

မွေးနေ့ဆန္ဒပွဲနဲ့အတူ အမှတ်တရပစ္စည်းတွေနဲ့ မြန်မာ့ရိုးရာအစားအစာတွေကို ရောင်းချပြီး နွေဦးတော်လှန်ရေးအတွက်လည်း ရန်ပုံငွေရှာခဲ့ကြပါတယ်။ 

ဒါ့အပြင် တော်လှန်ကဗျာ၊ တော်လှန်သီချင်းတွေနဲ့ ဟားငါးကောင် အငြိမ့်ကိုလည်း တင်ဆက်ကာ

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြတယ်။

ဇွန် ၁၉ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့မှာ ပြည်ပနိုင်ငံတွေမှာသာမက မြန်မာနိုင်ငံ ဒေသအနှံ့မှာလည်း သူ့ကိုချစ်ခင်လေးစားတဲ့ ပြည်သူတွေက ပန်းသပိတ်ဖော်ဆောင်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နေပြည်တော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတာပါ။ 

အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၈ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013