
ရခိုင်ပြည်နယ် စစ်တွေကို မေ ၁၄ ရက်က ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်ပြီး အချိန် ၁ လကျော်ကြာလာတဲ့အထိ စစ်ကောင်စီဘက်က ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူးလို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ကို ကုလအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းအားလုံး ခရီးသွားလာခွင့်ကို စစ်ကောင်စီဘက်က ပိတ်ပင်လိုက်တာကြောင့်လည်း မုန်တိုင်းသင့် ပြည်သူတွေဆီ လိုအပ်တဲ့အကူအညီတွေ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ရခိုင်ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ အရေးတကြီး လိုအပ်တဲ့အပြင် မိုးရာသီ ဖြစ်တာကြောင့် မုန်တိုင်းအတွင်း အိမ်လုံးကျွတ် ပျက်စီးခဲ့ရသူတွေ အမိုးအကာအောက် နေနိုင်အောင် မနည်း ကြိုးစားနေရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
"မုန်တိုင်းတိုက်ပြီးနောက်ပိုင်း အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲက နေထိုင်မယ့်အတွက် နေအိမ် ပျက်စီးသွားတာ အဲ့ဒါ တချက်၊ ကုန်ဈေးနှုန်းကြီးတာတော့ တနိုင်ငံလုံး ကြီးတာပါပဲ။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ထရော်မာ (စိတ်ဒဏ်ရာ) ရတာတွေပေါ့။ အဓိကကတော့ လူငယ်တွေထက် လူကြီးပိုင်းပေါ့။ အသက် ၄၀ ကျော် ၅၀ ကျော် ဝန်းကျင် အဲ့အုပ်စုကတော့ အများစု ခံစားရတယ်။ လူငယ်တွေကျတော့ အလုပ်လုပ်နိုင်တော့ အလုပ်လုပ်ပြီး ပြန်တည်ဆောက်တာပေါ့။ အသက်ကြီးပိုင်းကျ အလုပ်လုပ်နိုင်စွမ်း နည်းသွားပြီ။ ဆုံးရှုံးမှုလည်း များတော့ ပိုပြီး ခံစားရတာပေါ့။
"အခက်အခဲ အဓိကကတော့ ငွေရေးကြေးရေးပေါ့။ ငွေကြေးရှိရင် အသုံးအဆောင် ဝယ်လို့ရတယ်လေ။ ဒါပေမဲ့ လက်ထဲ ပိုက်ဆံမရှိရင် အသုံးအဆောင်လည်း ဝယ်လို့ မရဘူး။ သူများ ထောက်ပံ့တာကို အဓိက အားကိုးနေရတာပေါ့။ အခုက မိုးရာသီရောက်ပြီဆိုတော့ ပိုဆိုးတာပေါ့။ နေအိမ်ပျက်စီးနေတဲ့သူတွေက နွေရာသီဆို နေပူတာလောက်ပဲလေ။ တာလပတ်ရှာတွေ အုပ်ပြီး နေလို့ရတာပေါ့။ မိုးရာသီကျတော့ အိမ်တွေကလည်း ပြိုနေတယ်။ တာလပတ်ရှာတွေကလည်း မနိုင်မနင်းဆိုတော့ ပိုပြီး ဒုက္ခရောက်တာပေါ့။ ဒီဘက်တွေကျတော့ ရာသီဥတုက ကြမ်းတာကိုး" လို့ စစ်တွေ ဒေသခံ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
မိုခါမုန်တိုင်းဒဏ် မခံရခင်ကတည်းက ရခိုင်ပြည်နယ်က ပြည်သူ ၈၀ ရာခိုင်နှုန်းဟာ ဆင်းရဲမှုဒဏ် ခံခဲ့ရပြီး လူဦးရေ ၂ သိန်းလောက်က ဒေသတွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွေအရ သိရပါတယ်။
မိုခါမုန်တိုင်းအလွန်မှာ ရခိုင်ပြည်နယ်က ဆင်းရဲနွမ်းပါးသူတွေဟာ ရရာအလုပ် လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် ရှာဖွေနေရသလို နေအိမ်ပျက်စီးမှုတွေအတွက် ပြန်လည် ထူထောင်ရေးကိုလည်း ကိုယ်ထူကိုယ်ထ စနစ်နဲ့သာ လုပ်ဆောင်နေရကြောင်း မောင်တော ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းတိုက်ပြီးနောက် ရခိုင်ပြည်နယ်တွင်း ကုန်ဈေးနှုန်းလည်း အဆမတန် မြင့်တက်သွားပြီး နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့ အကူအညီတွေ တိုက်ရိုက်မရတာကြောင့် စစ်ဘေးရှောင်တွေ၊ ဆင်းရဲနွမ်းပါးသူတွေ ပိုခက်ခဲပြီး ဒုက္ခရောက်ကြတယ်လို့ ဆိုပါတယ်။
"ကုန်ဈေးနှုန်းက တောက်လျှောက်ကို တက်နေတာ။ စားရသောက်ရ အခြေအနေက ဆန်တွေဘာတွေက အရင် တအိတ်ကို ၈ သောင်းကျော်က အခုက ၁ သိန်း ၂ သောင်းကျော် တက်နေတာ။ ဆန်က အခု လောလောဆယ် ရှိသေးတာပေါ့။ ပေးထားတာတွေ ဘာတွေနဲ့ မကုန်သေးဘူးပေါ့။ နောက်ပိုင်း ကယ်ဆယ်ရေးဘာတွေ လာရင် အဆင်မပြေဖြစ်မှာပေါ့။ အခုကတော့ ကယ်ဆယ်ရေး ဘာတခုမှ မရောက်တော့ဘူး။ တခြား NGO အဖွဲ့တွေရော အရပ်ဘက် အဖွဲ့တွေရော မရောက်တော့ဘူး။ ကျနော်တို့ ဆန္ဒကတော့ အလှူရှင်တွေရှိရင် ဘာပဲရရ လိုချင်တာပေါ့။ အရင်လိုမှ အဆင်မပြေတော့တာ။ ပျက်စီး ဆုံးရှုံးမှုက အကုန်လုံးမှာ ရှိနေတာလေ။ အကူအညီ ရသလောက် လိုချင်တာပေါ့။ အဲ့အဖွဲ့တွေကိုလည်း လာစေချင်တယ်ပေါ့"လို့ မောင်တော ဒေသခံ မုန်တိုင်းသင့် ပြည်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
မိုခါမုန်တိုင်း တိုက်ခတ်ပြီး တလပြည့်တဲ့အချိန်ထိ မုန်တိုင်းသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ ၇၀ ရာခိုင်နှုန်းလောက် လိုအပ်နေပြီး၊ စားနပ်ရိက္ခာ လိုအပ်တဲ့ အိမ်ထောင်စု နှစ်သိန်းနီးပါး၊ အမိုးအကာ လိုအပ်နေတဲ့ အိမ်ထောင်စု တစ်သိန်းခွဲကျော် ရှိတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းသင့်ဒေသတွေအတွက် လက်ရှိအချိန်ထိ မုန်တိုင်းဘေးသင့်လူဦးရေ ၆၃,၀၀၀ ကျော်အတွက်သာ အမိုးအကာနဲ့ တခြားလူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မြန်မာက ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂအနေနဲ့ မုန်တိုင်းဖြစ်ပြီးနောက် အကန့်အသတ်နဲ့ ရထားတဲ့ သွားလာခွင့်ကနေ မုန်တိုင်းဘေးသင့် ဒေသရှိ လူဦးရေ ၁၁၀, ၁၀၀ ကျော်ကို အမိုးအကာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက လူပေါင်း ၃ သိန်းနီးပါးဆီ စားနပ်ရိက္ခာ အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။











