Home
မြန်မာသတင်း
ဝက်လက်နှင့်ရေးမြို့နယ်တို့တွင် စစ်တပ် လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး သေဆုံး
DVB
·
June 17, 2023

စစ်ကိုင်တိုင်း၊ ဝက်လက်မြို့မြောက်ဘက် ၆ ဖာလုံလောက်ကွာဝေးတဲ့ သခွတ္တောရွာကို စစ်ကောင်စီက ဇွန် ၁၆ ရက် မနက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ ဇွန် ၁၆ ရက် မနက်က ဝက်လက်မြို့ကနေ အနောက်ဘက် ဘက်စုံမူးဘောင်အနီး မာလကာခြံအတွင်းကနေ ပစ်ခတ်ခဲ့တာလို ဒေသခံပြည်သူကာကွယ်ရေးခေါင်းတွေက ပြောပါတယ်။

“ပထမက ဝက်လက်မြို့ မြို့မ ဘုန်းကြီးကျောင်းထဲကနေ လက်နက်ကြီးတချက်ထုပြီး မြို့အပြင်ကို စထွက်တာဗျ။ အဲတာကနေ ဒီကောင်တွေက မြို့အပြင်ဘက်ကို လုံခြုံရေးကင်းပတ်တယ်။ ကင်းပတ်တိုင်း  လက်နက်ကြီးနဲ့ စည်းကမ်းမရှိပစ်ခတ်တာပဲ။ လုံခြုံရေးကင်းပတ်တာက ပြည်သူလုံခြုံရေး မဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ လုံခြုံရေးကင်းပတ်တာ။ သူတို့ အခုလို လက်နက်ကြီးပစ်လို့ ဒီနေ့သခွတ္တောရွာက ပြည်သူတဦး သေရတယ်။ သေတဲ့သူအမည်က ကိုရဲမော်ပါဗျ။ လယ်ကွင်းထဲ ထွန်ယက်နေတဲ့အချိန် လက်နက်ကြီး ဦးခေါင်းမှန်ပြီး သေဆုံးသွားတာပါ။ အသက်က လူလတ်ပိုင်းပဲဗျ။ အတိကျတော့ မပြောနိုင်ဘူး” လို့ ဝက်လက်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ဗိုလ်စွန်ရဲက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ပစ်ပြီးနောက် ဝက်လက်မြို့ထဲ ပြန်မဝင်သေးဘဲ သခွတ်တောရွာအနီးပတ်လည်မှာ ကင်းပုန်းဝပ်နေလို့ ပြည်သူအချို့ စိုးရိမ်ပြီး ညအချိန် ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ခေါဇာမြို့နယ်ခွဲ ၊ ဝင်းကမော့ကျေးရွာမှာ ဇွန်၁၆ ရက် မွန်းလွဲ ၃ နာရီ ၁၄ မိနစ်လောက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်နက်ကြီးကြောင့် မိထွေးကြည် အသက် (၄၀) နှစ်အရွယ်ဟာ ထမင်းချက်နေစဉ် လက်နက်ကြီးကျည်စ ဦးခေါင်းမှာ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့နောက်မှာ စစ်တပ်ကလာစစ်ဆေးသွားခဲ့ပြီး အခုပစ်တာက သူတို့ လက်ချက်မဟုတ်ကြောင်း ပြောခဲ့တယ်လို့ ဒေသခံတယောက်ကပြောပါတယ်။

ခေါဇာမြို့နယ်ခွဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ အနည်းကျဉ်းသာရှိပေမဲ့ ညဘက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် လေ့ရှိတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၄ ရက်နေ့ကလည်း ခေါဇာအခြေစိုက် ခလရ ၃၁ က လက်နက်ကြီးပစ်ခတ်တာကြောင့် ကလေးငယ် ၂ ဦးနှင့် အရပ်သား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024