
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်မှာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက နမ်ဆန်ယန် အရှေ့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"မနေ့က နမ်ဆန်ယန်ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင် ခန့်ကို ခုခံလိုက်နိုင်တယ်။ စစ်ကောင်စီဘက်က လက်နက် ခဲယမ်းပစ္စည်းတွေ ကျန်ခဲ့ကြတယ်။"
နမ်ဆန်ယန်ရွာအရှေ့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း နမ်ဆန်တံတားကို ဖြတ်ကျော်လာချိန် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်က စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
နမ်ဆန်ယန်ရွာအနီး လွယ်လွမ် အောင်ဂျာ၊ လဇိန်ကောင်ဘက် လက်နက်ကြီးသံတွေကြားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"မနေ့က ၂ နာရီ ဝန်းကျင် ကနေ စဖြစ်တာ။ နောက်ထထပ် တိုက်ပွဲ ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိတယ်။ ခုလောလောဆယ်လည်း စစ်ရေး တင်းမာနေတုန်းပဲ၊ သတိနဲ့ နေရမယ်။"
မဒီယန်၊ နမ်ဆန်ယန်၊ လဂျားယန်၊ နားလုံပါ တို့မှာ ၂၀၁၁ က တိုက်ပွဲဖြစ်ခဲ့ဖူးပြီး ဒေသခံတွေ အများအပြား ဆယ်စုနှစ်တခုကျော် တိုက်ပွဲတိမ်းရှောင်ခဲ့ရပြီး အခုနှစ်အတွင်းမှာ နေရပ်ပြန်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။










