
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၄ နာရီလောက်က ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ရေးဌာနကြီးမှူးနဲ့ ဘဏ္ဍာငွေရှာဖွေရေးဌာနကြီးမှူးတို့ဟာ ၄ လကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်တယ်လို့ မိသားစုက ပြောပါတယ်။
စစ်ရေးဌာနကြီးမှူးနဲ့ ဘဏ္ဍာငွေရှာဖွေရေးဌာနကြီးမှူးတို့ဟာ တပ်ဖွဲ့ပိုင်ပစ္စည်းတွေ အလွှဲသုံးစား လုပ်တာကြောင့် ဖမ်းဆီးခဲ့တာလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗဟိုဦးဆောင် ကော်မတီက နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်းနဲ့ ဘဏ္ဍရှာဖွေရေးဌာနကြီးမှူးတို့ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၊ CRPH အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တရားမျှတမှုရရှိရေး၊ ဆက်သွယ်ခွင့်ရရှိရေး မိသားစုဝင်တွေက စာပေးပို့ အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် မတ် ၂၀ ရက်က လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အကြောင်းပြန်ကြားစာမှာ MOD ကာကွယ်ရေးဝန်ကြီးဌာနက မိသားစုနဲ့ ဆက်သွယ်ဆောင်ရွက်ခွင့် ပြုထားတယ်ဆိုပြီး အကြောင်း ပြန်ကြားခဲ့ပေမဲ့ မြေပြင်မှာ ဒီကနေအထိ ဆက်သွယ်ခွင့်မရသေးဘူးလို့ ဆိုပါတယ်။
မိသားစုဝင်တယောက်က “ကျနော်တို့က အမှန်တရားပေါ်ပေါက်ဖို့လိုတယ်။ တရားမျှတမှု ဖြစ်ဖို့ လိုတယ်။ အမှုစစ်ဆေးနေစဉ်ကာလမှာ ရှိသေးတယ်ဆိုရင် မိသားစုနဲ့ ဆက်သွယ်ခွင့်ပြုဖို့ လိုတယ်။ ကျနော်တို့က လူပျောက်သွားမှာလည်း စိုးရိမ်တယ်။ သူတို့(မိသားစု)နဲ့ အဆက်အသွယ် မရပါဘူး။ ဗွီဒီယိုဖိုင် ပြန်ပို့ထားတာရှိတယ်”လို့ ပြောပါတယ်။
စစ်ရေးဌာနကြီးမှူးနဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူးတို့ ဖမ်းဆီးထိန်းသိမ်းခံထားရတာနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန(MOD) တာဝန်ရှိသူကို DVB က ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေဆိုတာ မရှိပါဘူး။
ဖမ်းဆီးခံထားရတဲ့ စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်းဟာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) ကို ဦးဆောင်တည်ထောင်ရာမှာ ပါဝင်ခဲ့သူဖြစ်ပြီး စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်ပါတီဝင်ဖြစ်တဲ့အပြင် လူငယ်အဖွဲ့မှာ ဗဟိုညီလာခံ ကိုယ်စားလှယ် တယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။











