
ထိုင်း−မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၃၀၀,၀၀၀ ကျော်နဲ့အတူ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Wochenblitz သတင်းဌာနက ဖော်ပြပါတယ်။
ဇွန် ၁၅ ရက် ညပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်သတ်မှတ်မျဥ်းကို ထိုင်းနယ်ခြားစောင့်တပ်နဲ့ တာဝန်ရှိသူတွေ နယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေစဥ် စည်းမျဥ်း တနေရာမှာ မသင်္ကာဖွယ်လူ ၃ ဦးကို တွေ့ရလို့ ရပ်တန့်စစ်ဆေးရာကနေ စိတ်ကြွရူးသွပ် ဆေးပြားတွေ သယ်ဆောင်လာတာကိုတွေ့ရှိ ဖမ်းဆီးလိုက်တာပါ။
အဆိုပါဖမ်းဆီးရမိသူတွေကို စစ်ဆေးရာမှာ မြန်မာလူမျိုးဖြစ်တယ်လို့ ထွက်ဆိုကြပြီး တခြား တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာနဲ့ မူးယစ်ဆေးတွေသယ်ဖို့ ဘယ်သူက ညွန်ကြားခိုင်းစေ တယ်ဆိုတာကိုတော့ သတင်းမှာ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။
ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂ ဦးနဲ့ မူးယစ်ဆေးဝါးတွေကို ချင်းဒေါင်မြို့ရဲစခန်းကို ပို့ဆောင်ထားပြီး ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးတားမြစ်ဥပဒေတွေအရ အရေးယူမှာဖြစ်ကာ ကွင်းဆက် တရားခံ တွေကို ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြို့တွေမှာ မကြာခဏဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းမိနေတာဖြစ်ပြီး ဇွန် ၁၃ ရက်ကလည်း တာချီလိတ်ဘက်ကလို့ ယူဆရတဲ့ ဘိန်းဖြူနဲ့ ကတ်တမင်း ၆ ကီလိုဂရမ်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းမိခဲ့ပါသေးတယ်။