DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအကူအညီရပါက လပိုင်းအတွင်း အောင်ပွဲရယူနိုင်ဟု တော်လှန်ရေးခေါင်းဆောင် ၃ ဦးပြော 
DVB
·
June 16, 2023
နိုင်ငံတကာအကူအညီရပါက လပိုင်းအတွင်း အောင်ပွဲရယူနိုင်ဟု တော်လှန်ရေးခေါင်းဆောင် ၃ ဦးပြော 
Donate to DVB

ယူကရိန်းကို ပေးအပ်နေတဲ့ နိုင်ငံတကာ အကူအညီတွေရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ရရှိမယ်ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးဟာ လပိုင်းအတွင်း အောင်ပွဲကို ရယူနိုင်မှာဖြစ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် The United States Institute of Peace (USIP) အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာ ကေအိုင်အို ဗိုလ်ချုပ်ဂွန်မော်၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့က  “ယူကရိန်းနည်းတူ မြန်မာပြည်သူတွေလည်း နိုင်ငံတကာအကူအညီ ရသင့်ပါတယ်”အမည်ရှိ သဘောထားအမြင် ဆောင်းပါးတပုဒ် ရေးသားထားတာပါ။ 

“မိမိတို့၏ တော်လှန်ရေး မြန်မြန်အောင်ပွဲခံနိုင်ဖို့ဆိုလျှင် နိုင်ငံတကာမှ အကူအညီရရှိဖို့ လိုသည်။ ဤတွင် ကျွန်ုပ်တို့ကို ယူကရိန်းပြည်သူများနှင့် နှိုင်းယှဥ်လို့မရပေ။ ကျွန်ုပ်တို့ မြန်မာပြည်သူတွေမှာ နိုင်ငံတကာဆီမှ မည်သည့်ရုပ်ဝတ္ထု ထောက်ပံ့မှုမှ မရရှိသေးကြောင့် ဖြစ်သည်။ အကယ်၍ ယူကရိန်းကို ပေးအပ်နေသော အကူအညီ၏ ၁ ရာခိုင်နှုန်းလောက်သာ ကျွန်ုပ်တို့ ရရှိမည်ဆိုပါက မြန်မာ့တော်လှန်ရေးမှာ အများကြီး ပြောင်းလဲသွားမည် ဖြစ်သည်။ လပိုင်းအတွင်း အောင်ပွဲကို ရယူနိုင်မည် ဖြစ်သည်။”လို့ ရေးသား ဖော်ပြထားပါတယ်။ 

လက်ရှိကာလမှာ မြန်မာပြည်သူလူထုအကြား  ဘယ်အခါမှမရရှိခဲ့ဖူးတဲ့ သမိုင်းဝင် ညီညွတ်မှုကြီးကို ရရှိနေပြီဖြစ်တယ်၊ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးအင်အားစုတွေ ပေါင်းစည်းအားနဲ့ ဘုံရန်သူ စစ်အုပ်စုကို ဆန့်ကျင်တွန်းလှန်နေကြပြီ ဖြစ်တယ်၊ ယူကရိန်းပြည်သူတွေလို့ မြန်မာပြည်သူတွေကလည်း ရဲရင့်ကြတယ်၊ စိတ်မာန် တက်ကြွကြတယ်၊ ညီညွတ်ကြတယ်၊ ဒီမိုကရေစီတိုက်ပွဲအတွက် အသက်ကိုပင် ပဓာနမထား၊ စွန့်လွှတ်စွန့်စားဖို့ အသင့်ရှိကြတယ်လို့ ရေးသားထားပါတယ်။

ယူကရိန်းပြည်သူတွေနဲ့ မတူတာက  မြန်မာပြည်သူတွေအနေနဲ့ ဘယ်နိုင်ငံရဲ့ အကူအညီကိုမှ မရရှိတာဖြစ်တယ်။ နိုင်ငံတကာ အကူအညီသာရရှိပါက ယခု လွတ်မြောက်ရေးတိုက်ပွဲကို လပိုင်းအတွင်း အောင်ပွဲဆင်နွှဲနိုင်မယ်။ ယူကရိန်းကို ပေးအပ်နေသော အကူအညီရဲ့ ပမာဏ အနည်းငယ်ကိုပဲ ရမည်ဆိုရင်တောင် မြန်မာ့စစ်အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲအတွက် များစွာအကျိုးသက်ရောက်မှု ရှိသွားမယ်လို့ တော်လှန်ရေး ခေါင်းဆောင် ၃ ယောက်က ပြောပါတယ်။

အခုအခါမှာ ယူကရိန်းဟာ ဆုံးရှုံးသွားတဲ့ နယ်မြေကို ပြန်လည်ရရှိရန်အတွက် ပြန်လည်ထိုးစစ်ကို ပြင်ဆင်နေပြီး မြန်မာပြည်သူတွေကလည်း စစ်အုပ်စုက လုယက်ခိုးယူထားတဲ့သူတို့ရဲ့ တိုင်းပြည်ကို ပြန်လည်ရရှိဖို့  တိုက်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားမှာ အိမ်အကူလုပ်နေတဲ့မြန်မာပြည်သူတွေက သူတို့ ချွေးနှဲစာတွေကို တော်လှန်ရေးအတွက် ထည့်ဝင်လှူဒါန်းကြသလို မီးလောင်မြေ အညာဒေသက အမယ်ကြီးအိုတွေ ကိုယ်တိုင်ပင် နားကပ်တွေ ချွတ်ကာ တော်လှန်ရေးအောင်မြင်ရန်အတွက် လှူဒါန်းနေကြတယ်၊ နိုင်ငံတကာဆီက အကူအညီရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ သူတို့ရဲ့ သန္နိဋ္ဌာန်ကို တရွေးသားမျှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။

နိုင်ငံတကာ အထောက်အပံ့ ရရှိမယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို အချိန်တိုအတွင်း အမြစ်ဖြတ် အောင်ပွဲခံနိုင်မှာဖြစ်ပြီး  ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ဟာလည်း လျင်မြန်စွာ ပေါ်ထွက်လာမှာဖြစ်တယ်၊ ဒါအပြင်  နိုင်ငံတွင်းမှာရော ဒေသတွင်းမှာပါ တည်ငြိမ်မှုတို့ ပြန်လည်ရရှိလာမယ်လို့ တောင်လှန်ရေးခေါင်းဆောင် ၃ ယောက်က သုံးသပ်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီမှာ စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ အရေးနိမ့်နေပြီး စစ်အုပ်စုအတွက် ဒီတကြိမ်ဟာ သူတို့ရဲ့ တည်ရှိမှုကို စမ်းသပ်စိန်ခေါ်လာတဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်၊ ပြည်သူတွေအတွက်လည်း  ကင်ဆာရောဂါဆိုးသဖွယ်ဖြစ်တဲ့ စစ်တပ် မရှိတော့တဲ့၊ အမှောင်ခေတ်တွေမရှိတော့တဲ့ တောက်ပတဲ့ အနာဂတ်တိုင်းပြည်ကို တွေ့မြင်ဖို့ရန်အတွက် ဒီတကြိမ်  နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အလမ်းတစ်ခုလည်းဖြစ်တယ်လို့ ရေးသားထား ဖော်ပြထားပါတယ်။

Ref-USIP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013