တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သရက်ချောင်းမြို့ အရှေ့မြောက်ဘက် ၂ မိုင်အကွာမှာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ နေထိုင်တဲ့ ကာကင်းစခန်းကို ဇွန် ၁၂ ရက်မှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ သရက်ချောင်း ပကဖ က ဇွန် ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့ပြီး စကားပြောစက် ၂ လုံး နဲ့ စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဘက်တံဆိပ်ပါ စစ်ဝတ်စုံအပါအဝင် အခြားစစ်ဝတ်စုံတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပျူစောထီးတွေ နေထိုင်တဲ့ အဆောက်အဦတလုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အဲဒီ တိုက်ခိုက်မှုကို သရက်ချောင်း ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ထားဝယ်နဂါးတပ်ခွဲ (၂)၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
သရက်ချောင်းမြို့နယ်အတွင်း ဇွန်လဆန်းပိုင်းကတည်းက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေးတင်းမာနေတာကြောင့် ဇွန် ၈ ရက်က မြိတ်-ထားဝယ်ကားလမ်းမကို မနက် ၆ နာရီမှ ည ၉နာရီအတွင်းသာ ဖြတ်သန်းသွားလာပေးကြဖို့ သရက်ချောင်း ပကဖ က သတိပေးထားပါတယ်။
ဇွန်လ ၁၅ ရက်မှာလည်း မြိတ်-ထားဝယ်ကားလမ်းပိုင်းက ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်တာမလုပ်ဖို့ အသိပေးပန်ကြားချက်တခုကို သရက်ချောင်း ပကဖ က ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမခြေရင်းရှိ ရွှေလေးကြိုးဝိုင်း သစ်ဖြူချောင်းနား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇွန် ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ပြည်ခရိုင် PDF ပူးပေါင်းတပ်တွေက ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းဟောင်းနေရာတခုကို မီးရှို့သွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံး များတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။