
စစ်ကောင်စီတပ်ရဲ့ လေ့ကျင်ရေးလေယာဥ်တစီး ဇွန် ၁၅ ရက်၊ ဒီနေ့မနက်က ပျံသန်းလေ့ကျင့်နေစဥ် ပျက်ကျပြီး အရာရှိတဦးနဲ့ သင်တန်းသားတဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နေပြည်တော်ကနေ မီတ္ထီလာကို လေ့ကျင့်ပျံသန်းနေတဲ့ စစ်ကောင်စီတပ်ရဲ့ လေ့ကျင့်ရေးလေယာဥ်ဟာ စက်ချို့ယွင်းပြီး လယ်ဝေးမြို့နယ် လယ်ဒါကြီးကျေးရွာအနီးမှာ ပျက်ကျခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဖြစ်စဥ်ကတော့ဟုတ်တယ်၊ လေ့ကျင့်ရေးလေယာဥ်တွေက ကောင်းမှမကောင်းတာ၊ အရင်နှစ်ကလည်း သေပြီးပြီ၊ အခုလည်း ဗိုလ်မှူးတယောက်နဲ့ ရဲဘော်တယောက်သေတယ်။”
လေ့ကျင့်ရေးလေယာဥ်ဟာ လယ်ဒါကြီးကျေးရွာနဲ့ ငါးမိုင်အကွာမှာ ပျက်ကျခဲ့ပြီး လေယာဥ်ပျက်စီးကာ လေယာဥ်မှူးနဲ့ သင်တန်းသားတဦး သေဆုံးခဲ့လို့ နီးစပ်ရာစစ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာထားပါတယ်။
လတ်တလောမှာ သေဆုံးခဲ့တဲ့ လေယာဥ်မှူးနဲ့ သင်တန်းသားရဲ့ ရာထူးနဲ့ အဆင့်ကိုတော့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ မပါဝင်ပါဘူး။
ပြီးခဲ့တဲ့နှစ်တွေက စစ်ကောင်စီရဲ့ လေ့ကျင့်ရေးလေယာဥ်တချို့ ပျက်ကျပြီး အရာရှိတချို့နဲ့ တပ်သားတချို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။










