Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်၌ စစ်ရှောင် ၁ ဦး အမောဖောက်သေဆုံး
DVB
·
June 15, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှာ စစ်ဘေးရှောင်နေရတဲ့ အသက် ၈၀ ဝန်းကျင်ရှိ ဦးဖေသန်းဟာ ဇွန် ၁၅ ရက် မနက်ပိုင်းက စစ်ဘေးရှောင်ရင်း နှလုံးအမောဖောက်ပြီး သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက “ဝဲရစ်ရွာက လုံခြုံတဲ့တနေရာမှာပဲ ကွယ်လွန်သွားတာပါ။ လူကြီးဆိုတော့ ပြေးရလွှားရနဲ့ ပင်ပန်းဒဏ်ကို မခံနိုင်ဘူး” လို့ ပြောပါတယ်။

ဦးဖေသန်းရဲ့ ဈာပနကိုတော့ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းမှာပဲ မိသားစုဝင်တွေနဲ့ နီးစပ်သူတချို့က ပြုလုပ်ပေးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝင်းဝရွာနဲ့ ကမြိုင်ရွာအနီးမှာ ဆက်ရှိနေပြီး ပစ်ခတ်သံတွေလည်း ကြားနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ကနက်သီရိရွာမှာတော့ နေအိမ်ကို ပြန်လည်နေထိုင်သူ အနည်းငယ်ရှိနေပြီး အများစုကတော့ စစ်ဘေးရှောင်နေဆဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရစဉ်အတွင်း ကနက်သီရိရွာက နေအိမ်တချို့ ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ခိုးယူခံရတာမျိုး ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဇွန် ၆ ရက်နေ့မှာ သရက်ချောင်းမြို့နယ် ဥတ္တူရွာနဲ့ အနီးတဝိုက်ကို စစ်ကြောင်းစထိုးခဲ့ပြီးနောက် ဇွန် ၈ ရက်နေ့မှာ ကနက်သီရိရွာနဲ့ အနီးတဝိုက်ကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ စစ်ကြောင်းစထိုးခဲ့တာဖြစ်ပြီး ဇွန် ၁၅ ရက်အထိ တပ်ပြန်ခေါက်တာမျိုးရှိပေမဲ့ လုံးဝထွက်ခွာသွားတာမျိုးတော့ မရှိသေးဘူးလို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးခံရစဉ်အတွင်းမှာ သရက်ချောင်းမြို့နယ် ရွာ ၃  ရွာက နေအိမ် ၁၀ လုံးကျော် မီးရှို့ခံရပြီး စစ်ကောင်စီတပ်ရဲ့ နှိပ်စက်မှုကြောင့် သက်ကြီးပိုင်း အမျိုးသားတဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ပြီး ရငဲရွာသားတဦးလည်း ပစ်သတ်ခံခဲ့ရပါတယ်။

မိုးဆက်တိုက်ရွာသွန်းနေတဲ့ ဇွန်လ ဒုတိယအပတ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် ရွာ ၆ ရွာက လူဦးရေ ၄,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ဒီနေ့မှာတော့ ဆေးဝါးကုသမှု အလုံအလောက်မရဘဲ စစ်ဘေးရှောင်တဦး အမောဖောက်ပြီး သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကလည်း ထားဝယ်မြစ် အနောက်ဘက်ကမ်း ရေဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေစဉ် နေမကောင်းဖြစ်ပြီး ဆေးဝါးကုသမှု မရရှိဘဲ  သေဆုံးခဲ့ရတဲ့ စစ်ဘေးရှောင် ၂ ဦး ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024