
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဆိုင်ခရိုင်၊ စန်နကျေးရွာ အမှတ် ၂ နားမှာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ အာဏာပိုင်တွေ ကင်းလှည့်နေစဥ် မသင်္ကာဖွယ် လူတဦး ထွက်ပြေးသွားပြီး မူးယစ်ဆေးဝါးတွေထည့်ထားတဲ့ ဆာလာအိတ် ၂ အိတ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai Press သတင်းဌာနက ဖော်ပြပါတယ်။
ဇွန် ၁၃ ရက် မနက် ၃ နာရီ ၂၅ မိနစ်လောက်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ အနောက်ဘက် မြန်မာဘက်ခြမ်းအစွန်၊ ထိုင်းဘက်ခြမ်း မယ်ဆိုင်ခရိုင် ခိုချမ်းခရိုင်ခွဲ၊ စန်နရွာ အမှတ် ၂ အနီးက ပြောင်းခင်းနားမှာ ထိုင်းနယ်ခြားစောင့်တပ် ၃၂၇၊ ခိုချမ်းရဲစခန်း အမှတ် ၄ တပ်ရင်းနဲ့ အာဏာပိုင်တွေက နယ်စပ်လုံခြုံရေးတာဝန် ဆောင်ရွက်နေစဥ်မှာ သိမ်းဆည်းရမိခဲ့တာပါ။
အဆိုပါ သိမ်းဆည်းရမိတဲ့နေရာကို ကင်းလှည့်တပ်ဖွဲ့တွေအရောက်မှာ လူတဦးကို မသင်္ကာဖွယ် တွေ့ရှိတဲ့အတွက် စစ်ဆေးဖို့ကြိုးစားရာ ထွက်ပြေးသွားခဲ့ပြီး ဆာလာအိတ်နှစ်အိတ်ထဲမှာ ထိုင်းနိုင်ငံက နာမည်ကြီးအမှတ်တံဆိပ်ပါ ဖြည့်စွက်အစာဘူးတွေထဲ ထည့်ထားတဲ့ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။
သိမ်းဆည်းရမိတဲ့ ဆာလာအိတ်နှစ်လုံးကို စစ်ဆေးရာ ပထမတလုံးအတွင်းမှာ ရွှံ့စေးထည့်ထားတဲ့ အိတ်ငယ် ၂ လုံး တွေ့ရှိခဲ့ရပြီး နောက်တလုံးမှာတော့ သံဘူး ၅ဝဝ ဂရမ် ၁ဝ ဘူးအတွင်း ဘိန်းဖြူ ၅ ကီလိုဂရမ်နဲ့ သွားတိုက်ဆေးဘူး၊ ကော်ဖီမစ်အိတ်တွေထဲ ထည့်သွင်းထားတဲ့ ကတ်တမင်း ၁ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့တာပါ။
အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက လူငယ်တွေ အသုံးများပြီး ဘားတွေ၊ ကလပ်တွေမှာ ဖမ်းဆီးရမိတဲ့ Happy water ထုတ်လုပ်ရာမှာ အသုံးပြုတာလို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ အိုက်စ်နဲ့ ဘိန်းဖြူစျေးနှုန်းက ၁ ကီလိုဂရမ်ကို ဘတ် ၆ဝဝ,ဝဝဝ ခန့်ရှိနေပြီး အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခိုချမ်းရဲစခန်းမှာ ထိန်းသိမ်းထားကာ ကွင်းဆက်တရားခံတွေကို ဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။
Source - Maesaipress










